News

POST TYPE

CRIME & ACCIDENT

မိဘအိမ် ပြန်သွားသည့် ဇနီး အိမ်ပြန်ခေါ်မရသဖြင့် ခင်ပွန်းဖြစ်သူက ဓားဖြင့်ထိုးသတ်
01-Apr-2019
ရန်ကုန်၊ ဧပြီ ၁

ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ ပန်းတောကြီးကျေးရွာတွင် မိဘနေအိမ် ပြန်သွားသည့် ဇနီးဖြစ်သူအား အိမ်ပြန်ခေါ်မရသဖြင့် ခင်ပွန်းဖြစ်သူက ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ဓားဖြင့်ထိုးသတ်ခံရသူ အသက် ၄၈ နှစ်အရွယ် အမျိုးသမီးမှာ လွန်ခဲ့သည့် နှစ်လခန့်မှစ၍ ၎င်း၏မိဘများရှိရာ နေအိမ်ထံ ရောက်ရှိနေသဖြင့် ခင်ပွန်းဖြစ်သူ အသက် ၄၈ နှစ် ထွန်းလွင်က ဇနီးအား နေအိမ်သို့ ပြန်လာရန် အကြိမ်ကြိမ် သွားရောက်ခေါ်ဆောင်သော်လည်း ပြန်မလိုက်သဖြင့် မတ်လ ၃၀ ရက် ညပိုင်းတွင် ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း ရဲအရာရှိထံမှ သိရသည်။

“သူတို့လင်မယား နှစ်ယောက်မှာ သားသမီးလည်း ရှိတယ်။ မကြာခဏ လင်မယားတွေ ရန်ဖြစ်နေကြလို့ သေဆုံးသူ အမျိုးသမီးကို သူ့မိဘတွေက အိမ်ခေါ်ထားပြီး လင်ဖြစ်သူရဲ့ နေအိမ်ကို ပြန်မလွှတ်တော့တာ နှစ်လကျော်လောက် ကြာပြီလို့ သိရတယ်။ ပြစ်မှုကျူးလွန်သူက သူ့မယားကို အိမ်ပြန်လာဖို့ ခဏခဏ သွားခေါ်ပေမယ့် မိန်းမဖြစ်သူက ပြန်မလိုက်သလို ယောက္ခမတွေကလည်း သူ့တို့သမီးကို ပြန်မထည့်ပေးတာကြောင့် အိမ်ထရံမှာ ထိုးထားတဲ့ ဓားနဲ့ ဇနီးဖြစ်သူကို ထိုးသတ်ခဲ့တာပါ”ဟု ရဲအရာရှိက ရှင်းပြသည်။

ဇနီးဖြစ်သူကို ဓားဖြင့်ထိုးသတ်ခဲ့သူ ထွန်းလွင်အား သာပေါင်းမြို့မ ရဲစခန်းမှ (ပ) ၃၂၁/၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03