News

POST TYPE

CRIME & ACCIDENT

ပျက်စီးသွားသည့် မဟာဝိဇယရံသီဘုရား ထီးတော်ပြန်တင်
19-Feb-2019


မန္တလေး၊ ဖေဖော်ဝါရီ ၁၉

၂၀၁၅ ခုနှစ်မေလက တိုက်ခတ်ခဲ့သည့် မိုးသက်လေပြင်းကြောင့် ပျက်စီးခဲ့သည့် အမရပူရမြို့နယ် မဟာဝိဇယရံသီ ပုထိုးတော်ကြီးထီးတော်ကို အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကမတည်ကာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ပြန်လည်တင်လှူခဲ့သည်။

ယင်းထီးတော်မှ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ အပါအဝင် စိန်ရွှေရတနာများနှင့် ဘက်စုံပြုပြင်မွမ်းမံမှု ကုန်ကျစရိတ် ကျပ်သန်းတစ်ထောင်ကျော်ကို အမရပူရ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းနှင့် အလှူရှင်များ၏ အလှူငွေများဖြင့် တင်လှူခဲ့ခြင်းဖြစ်ကြောင်း မဟာဝိဇယရံသီ ပုထိုးတော်ကြီးမြတ်စွာဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

ယင်းပုထိုးတော်ကြီးဘုရားကို ၁၈၂၀ ခုနှစ်တွင် ဘကြီးတော် စစ်ကိုင်းမင်းက စတင်တည်ထားကိုးကွယ်ခဲ့ပြီး ၁၈၂၄ ခုနှစ်တွင် ဘိသေကမင်္ဂလာ အနေကဇာတင် အခမ်းအနားကျင်းပဖြင့် ရေစက်သွန်းချ လှူဒါန်းခဲ့သည့်အတွက် ပုထိုးတော်ကြီး၏ သက်တမ်းမှာ နှစ်ပေါင်း ၂၀၀ ပြည့်မြောက်ပြီဖြစ်သည်။

ပုထိုးတော်ကြီးကို စတင်တည်ထားခဲ့ပြီးနောက် ၁၈၃၈ ခုနှစ်အတွင်းက မြေငလျင်ကြောင့် ထီးတော်မြေခခဲ့သည့်အတွက် သာယာဝတီမင်းက တစ်ကြိမ်၊ ၁၈၇၃ ခုနှစ်တွင် မင်းတုန်းမင်းက တစ်ကြိမ်၊ ၁၉၁၉ ခုနှစ်တွင် အများပြည်သူကောင်းမှုဖြင့် တစ်ကြိမ်၊ ၁၉၅၆ ခုနှစ်တွင် ငလျင်ဒဏ်ကြောင့် ထီးတော်မြေခခဲ့သည့်အတွက် ဗမာ့ခေတ် ဦးအုန်းခင် မိသားစုဦးဆောင်မှုဖြင့် အများပြည်သူက တစ်ကြိမ်၊ ၂၀၁၂ ခုနှစ်တွင် ငလျင်ဒဏ်ကြောင့် ထီးတော်မြေခခဲ့သည့်အတွက် အများပြည်သူကောင်းမှုဖြင့် တစ်ကြိမ် အသီးသီး ထီးတော်အသစ်များ တင်လှူခဲ့ဖူးသည်။

M-04