News

POST TYPE

CRIME & ACCIDENT

စုမဲဖိုးငွေ သွားတောင်းသည့်အမျိုးသမီး တူဖြင့်ထုခံရ
10-Feb-2019

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၇၈) ရပ်ကွက်တွင် ဖေဖော်ဝါရီလ ၉ ရက် မွန်းလွဲပိုင်းက စုမဲဖိုးငွေ သွားတောင်းယူသည့် အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ တူဖြင့်ထုရိုက်ခံရသောကြောင့် ဦးခေါင်းပေါက်ပြဲ၍ ခြေလက်တို့တွင် နာကျင်ဒဏ်ရာများရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။ 

ဒဏ်ရာရရှိသူ အမျိုးသမီးမှာ အခင်းဖြစ်နေ့က တစ်လမ်းတည်းအတူနေ အမျိုးသမီး၏နေအိမ်ထံ သွားရောက်၍ စုမဲဖိုးငွေ ခြောက်ထောင်ကျပ်ကို ပေးသွင်းရန်အတွက် တောင်းခံစဉ် နှစ်ဦးစကားများခဲ့ပြီးနောက် ယင်းနေအိမ်မှ အမျိုးသမီး၏ခင်ပွန်းဖြစ်သူက စုမဲဖိုးငွေ လာတောင်းယူသည့်အမျိုးသမီးကို ချုပ်ကိုင်ထားပြီး ၎င်း၏ဇနီးက တူဖြင့်ထုရိုက်ခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။

“တူနဲ့ထုရိုက်ခံရတဲ့ အမျိုးသမီးရဲ့ ဒဏ်ရာအခြေအနေက စိုးရိမ်ရတယ်။ စံပြဆေးရုံမှာ ဆေးကုသမှု ခံယူနေဆဲပါ။ နာကျင်ဒဏ်ရာရရှိအောင် ပြုလုပ်ခဲ့တဲ့ လင်မယားနှစ်ယောက်ကိုတော့ မမိသေးဘူး”ဟု ရဲအရာရှိကပြောသည်။

နာကျင်ဒဏ်ရာများရရှိအောင် ပြုလုပ်ခဲ့သည့် လင်မယားနှစ်ဦးကို ဒဂုံဆိပ်ကမ်းမြို့မ ရဲစခန်းက (ပ) ၁၁၈/ ၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၂၅/ ၁၁၄ ဖြင့် အမှုဖွင့် အရေးယူထားပြီး ဖမ်းဆီးစစ်ဆေးနိုင်ရန် စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03