News

POST TYPE

CRIME & ACCIDENT

သာဂရတွင် ဆိုင်ကယ်နှစ်စင်းတိုက် တစ်ဦးသေဆုံး
08-Feb-2019

တောင်ငူ၊ ဖေဖော်ဝါရီ ၈

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် သာဂရမြို့ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် ဖေဖော်ဝါရီ ၆ ရက် ညနေ ၄ နာရီခွဲခန့်က ဆိုင်ကယ်နှစ်စင်းတိုက်မိရာမှ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်ဟု သာဂရနယ်မြေရဲစခန်းမှ စုံစမ်းသိရှိရသည်။

“ဆိုင်ကယ်သမားက တိမ်းရှောင်သွားပြီး စခန်းကိုအကြောင်းမကြားဘဲ လူနာကို နေပြည်တော်တင်ပို့ပြီးကုသနေရာက ကွယ်လွန်သွားတာပါ နောက်ကဆိုင်ကယ်သမားနဲ့ ဆိုင်ကယ်ကိုတော့စုံစမ်းနေဆဲပါပဲ”ဟု သာဂရနယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါနေ့ ညနေပိုင်းက အသက် ၁၈ နှစ်အရွယ် ဦးသိန်းထိုက်အောင် မောင်းနှင်ပြီး နောက်မှ အသက် ၅၆ နှစ်အရွယ် ဒေါ်အေးမြင့်လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်သည် ရန်ကုန်-မန္တလေး ကားလမ်းဟောင်းအတိုင်း မြောက်မှတောင်သို့ မောင်းနင်လာစဉ် ရေတာရှည်မြို့နယ် သာဂရဈေးရှေ့အရောက်နောက်မှအမည်မသိ အမျိုးသား မောင်းနှင်သည့် ဆိုင်ကယ်ကဝင်တိုက်ပြီး ထွက်ပြေးတိမ်းရှောင်သွားခြင်းဖြစ်ကြောင်း၊ ဒေါ်အေးမြင့်ကို နေပြည်တော်ခုတင် ၁၀၀၀ ဆေးရုံတွင် ပို့ဆောင်ကုသနေရာမှ ဖေဖော်ဝါရီ ၇ ရက် မွန်းလွဲပိုင်းတွင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သာဂရနယ်မြေရဲစခန်းမှ စုံစမ်းသိရှိရသည်။

အမှုနှင့်ပတ်သက်ပြီး ဆိုင်ကယ်ဖြင့်တိုက်ပြီး တိမ်းရှောင်သွားသူ (အမည်/အသက်/နေရပ်စုံစမ်းဆဲ) ကို သာဂရနယ်မြေရဲစခန်းမှ ယာဉ် (ပ) ၅/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၃၀-က/၂၀၂ အရ အမှုဖွင့်လှစ်စစ်ဆေးဆောင်ရွက်နေသည်ဟု အဆိုပါ ရဲစခန်းမှစုံစမ်းသိရှိရသည်။

R-15