News

POST TYPE

CRIME & ACCIDENT

ကျောက်လုပ်ကွက်လုံခြုံရေးရဲက သေနတ်ဖြင့်ပစ်ဖောက်၍ ရေမဆေးသမားတစ်ဦး ကျည်ထိမှန်သေဆုံး
05-Feb-2019

မန္တလေး၊ ဖေဖော်ဝါရီ ၅

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာအနီးရှိ လုပ်ကွက်တစ်ခုတွင် ရေမဆေးကျောက်ရှာဖွေရေးသမားများကို လူစုခွဲရန် လုပ်ကွက်လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တစ်ဦးက သေနတ်ပစ်ဖောက်ရာမှ ရေမဆေးသမားတစ်ဦးကို ကျည်ထိမှန်သေဆုံးခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

လုပ်ကွက်တစ်ခုအတွင်း ဖေဖော်ဝါရီ ၄ ရက်နေ့ နံနက် ၁၁ နာရီခန့်က ကျောက်ရှာနေသည့် ရေမဆေးသမားများကို လုပ်ကွက်လုံခြုံရေးရဲတပ်ဖွဲ့က ထိန်းမနိုင်သည့်အတွက် သေနတ်ပစ်ဖောက်စဉ် အသက် ၂၅ နှစ်ခန့်အရွယ်ရှိ ဦးကျော်ဇင်ဖြိုး၏ ဦးခေါင်းကိုကျည်ထိမှန်ခဲ့၍ လုံးခင်းမြို့နယ်ဆေးရုံသို့ တင်ပို့ကုသစဉ် ရရှိသည့်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

“ဒီမှာက ဒေသခံတွေက ကျောက်လုပ်ကွက်လုပ်ကိုင်မရကြဘဲ စစ်တပ်ကပဲ လက်ဝါးကြီးအုပ်ထားတာ။ အဲ့တော့ ဒေသခံတွေက ကုမ္ပဏီတွေ မလိုချင်လို့စွန့်ပစ်တဲ့ မြေစာပုံထဲမှာ ရှာကြရတယ်။ ရှာဖို့လည်း ခွင့်ပြုပေးရတယ်။ ခွင့်မပြုလို့လည်း မရဘူးလေ။ ဒေသခံတွေကလည်း ဘာမှမလုပ်ရတာနဲ့စာရင် ခုလိုရှာခွင့်ရတာက တော်သေးတယ်ဆိုပြီး ရှာကြပေါ့ဗျာ။ ဒေသခံရော၊ ရေကြည်ရာမြက်နုရာလာကြတဲ့ အဝေးကလူရောဆိုတော့ များတယ်။ အဲ့တော့ လုံခြုံရေးကထိန်းမနိုင်တော့ တမင်သော်လည်းကောင်း၊ ခြောက်လှန့်၍သော်လည်းကောင်းပစ်တာမှာ ထိသွားတာပါ”ဟု ဖားကန့်မြို့ ဆိပ်မူကျေးရွာ NLD ပါတီဥက္ကဋ္ဌ ဦးရွှေသိန်းက ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့်ပက်သက်ပြီး ရဲတပ်ဖွဲ့က ရေမဆေးသမားများက လုံခြုံရေးရဲတပ်ဖွဲ့၏သေနတ်ကို လုယူသည့်အတွက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်ပြောဆိုသော်လည်း ယင်းပြောကြားချက်မှာ မှန်ကန်ခြင်းမရှိကြောင်း၊ ရေမဆေးသမားများက ပုံမှန်ဝင်ခွင့်ပြုသည့်အချိန်မှာပင် ဝင်ရောက်ရှာဖွေကြစဉ် ယင်းသေနတ်ပစ်မှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။

M-04