News

POST TYPE

CRIME & ACCIDENT

မိတ္ထီလာတွင် ဝါဈေးတက်
04-Feb-2019


မိတ္ထီလာ၊ ဖေဖော်ဝါရီ ၎

မိတ္ထီလာခရိုင်အတွင်း ရာသီဥတုကြောင့် ဝါအထွက်နှုန်း လျော့ကျသည့်အတွက် ဇန်နဝါရီလကုန်ပိုင်းမှစတင်ကာ ဝါဈေးနှုန်းမြင့်တက်ကြောင်း ဒေသခံဝါကုန်သည်များထံမှ သိရသည်။

ဝါဈေးသည် ပြီးခဲ့သည့် အပတ်ကထက် ပိဿာတစ်ရာလျှင် ကျပ်တစ်သောင်းခန့် မြင့်တက်ပြီး ဆက်လက်မြင့်တက်နိုင်ကြောင်း ၎င်းတို့ကဆိုသည်။

“ဝါက နောက်ပိုင်းမိုးမရှိလို့ အကျမြန်တယ်။ တုံးသွားပြီ။ အရင်နှစ်တွေမှာ မတ်လအထိထွက်တယ်။ ဒီနှစ်မှာ ဒီဇင်ဘာလကုန်ကတည်းက ပြတ်သွားတယ်။ လှောင်လက်လေးတွေ ရှိနေသေးလို့သာ လာနေတာ။ ပြည်တွင်း ကြိတ်ခွဲစက်ရုံတွေနဲ့ တရုတ်ဘက်က ဝယ်လက်စုံတယ်။ ပွဲစားလက်ထဲမှာတော့ နည်းနည်းလှောင်ထားတာ ရှိတယ်။ ပစ္စည်းလက်ကျန်မရှိတော့ရင် လက်ရှိဈေးထက် တက်နိုင်တယ်”ဟု မိတ္ထီလာမြို့ ဇမ္ဗူညွန့်ပွဲရုံနှင့် ဝါကြိတ်စက်လုပ်ငန်းမှ ဦးထွန်းဇော်လတ်က ပြောကြားသည်။

မိတ္ထီလာမြို့နယ်တွင် ပြီးခဲ့သည့်မိုးနှောင်းစိုက်ပျိုးကာလအတွင်း ပဲစင်းငုံအစား ဝါစိုက်ပျိုးခဲ့ကြသည့်အတွက် ယခင်နှစ်များကထက် စိုက်ဧကများပြားခဲ့သော်လည်း ထွက်နှုန်းလျော့ကျခဲ့ခြင်းဖြစ်ကြောင်း တောင်သူဦးအောင်ငြိမ်းက ပြောကြားသည်။

“သီတင်းကျွတ်မတိုင်မီက တအားထွက်တယ်။ မိုးမရှိတော့ အရည်အသွေးကလည်း ဘယ်တုန်းကနဲ့မှ မတူအောင် ကောင်းခဲ့တာ။ အဲဒီနောက်မှာ မိုးမရွာတော့ အောက်ဓာတ် (မြေအစိုဓာတ်) မရှိတော့ တစ်ခါ၊ နှစ်ခါလောက်သာထွက်ပြီးတော့ နောက်အသီး မလိုက်တော့ဘူး။ အပင်တွေကတန်းပြီး ကျကုန်တာ”ဟု ၎င်းက ပြောကြားသည်။

မိတ္ထီလာဝါဈေးကွက်တွင် ဇန်နဝါရီလ နောက်ဆုံးပတ်က ဝါပိဿာတစ်ရာလျှင် ကျပ် ၁၅၀,၀၀၀ ခန့်မှ ယခုရက်ပိုင်းအတွင်း ပိဿာတစ်ရာလျှင် ကျပ် ၁၆၀,၀၀၀ ဝန်းကျင်ခန့် ဈေးရှိကြောင်း မိတ္ထီလာမြို့ခံဝါပွဲရုံများထံမှ သိရသည်။ 

R-01