News

POST TYPE

CRIME & ACCIDENT

ကျောက်ကြီးမြို့တွင် အသေးစား ရှာဖွေရေးနှင့် ကယ်ဆယ်ရေးသင်တန်းဖွင့်
22-Jan-2019

တောင်ငူ၊ ဇန်နဝါရီ ၂၂

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် ပဲခူးရပ်ကွက် မြို့တွင်းဘုန်းတော်ကြီးကျောင်းတွင် ဇန်နဝါရီ ၂၂ ရက်မှ ၂၄ ရက်နေ့အထိ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် မီးသတ်တပ်ဖွဲ့တို့ပူးပေါင်း၍ အသေးစားရှာဖွေရေးနှင့် ကယ်ဆယ်ရေးသင်တန်းကို ဖွင့်လှစ်သင်ကြားပေးကြောင်း ယင်းမြို့နယ်ကြက်ခြေနီအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါသင်တန်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ခြင်းစီမံချက်လုပ်ငန်းက ဦးဆောင်ပြီး မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နှင့်အတူပူးပေါင်းပြီး အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသားများနှင့် ဒေသခံများကို သင်ကြားပေးလျက်ရှိကြောင်း ယင်းကြက်ခြေနီအသင်းထံမှ သိရသည်။

“စီမံကိန်းကျောင်းခုနှစ်ကျောင်းနဲ့ ကျေးရွာခုနစ်ခုကဒေသခံတွေ ကျောင်းသူကျောင်းသားတွေကို သဘာဝဘေးအန္တရာယ်ကြုံတွေ့ရင် ပြင်ပအကူအညီတွေမရောက်ခင် မိမိတို့ကိုယ်တိုင် ကယ်ဆယ်တာ ကူညီတာလုပ်တတ်စေဖို့ ခုလိုသင်တန်းဖွင့်လှစ်တာပါ”ဟု မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ခြင်းစီမံချက်ကွင်းဆင်းအရာရှိ ဦးကျော်ကျော်နိုင်က ပြောကြားသည်။

အဆိုပါသင်တန်းကာလများတွင် မီးသတ်တပ်ဖွဲ့မှ ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ခြင်း၊ စီမံချက်အဖွဲ့နှင့်ပူးပေါင်းပြီး ဘေးအန္တရာယ်ကြုံတွေ့ချိန် ရှာဖွေရေးနှင့် ကယ်ဆယ်ရေး ဘာသာရပ်များ သင်ကြားပေးမည်ဖြစ်ပြီး ကြက်ခြေနီအသင်းမှ အရေးပေါ် အသက်ကယ်ဝန်ဆောင်မှုများသာမက သဘာဝဘေးကြုံတွေ့စဉ် လိုက်နာရမည်အချက်များကို သင်ကြားပေးမည်ဖြစ်ကြောင်း သင်တန်းဦးဆောင်သူများထံမှ သိရသည်။

ပြီးခဲ့သည့်နှစ်က ပဲခူးတိုင်းအတွင်း ရေဘေးကြုံခဲ့ရာတွင် ကျောက်ကြီးမြို့ဒေသခံများလည်း ပါဝင်ခဲ့ပြီး ယခုအခါသဘာဝဘေးကြုံတွေ့ပါက ရင်ဆိုင်နိုင်ရေးသင်တန်းကို ကြိုတင်ဖွင့်လှစ်ပေးလာခြင်းဖြစ်သည်။

R-15