POST TYPE
CRIME & ACCIDENT
သမ္မတနှင့် အတိုင်ပင်ခံကို စော်ကားသည့် ဒုရဲမှူးဟောင်းကို ပထမအကြိမ်ရုံးထုတ်၊ တရားသူကြီး မလာ၍ ဇန်နဝါရီ နောက်ဆုံးပတ်သို့ ရုံးချိန်းရွှေ့
19-Jan-2019
တောင်ငူ၊ ဇန်နဝါရီ ၁၉
နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို လူမှုကွန်ရက်တွင် မဖွယ်မရာပုံနှင့်စာများတင်၍ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မဖြင့် တရားစွဲခံထားရသည့် ဒုရဲမှူးဟောင်း၏ ဇန်နဝါရီ ၁၈ ရက်နေ့က ပထမဆုံးအကြိမ်ရုံးချိန်းသို့ တရားသူကြီးမလာ၍ ဇန်နဝါရီလနောက်ဆုံးပတ်သို့ ပြန်လည်ချိန်းဆိုလိုက်ကြောင်း ယင်းအမှုစစ်ရဲအရာရှိတစ်ဦးက ပြောကြားသည်။
“တရားသူကြီးက ပဲခူးမှာ အစည်းအဝေးရှိလို့ နှစ်ဘက်သက်သေမစစ်ဖြစ်ဘူး။ အမှုနဲ့ပတ်သက်လို့ စွဲချက်တင်မတင်ဆိုတာက လိုပါသေးတယ်။ လက်ရှိမှာတရားလိုနဲ့ တရားခံဘက် သက်သေတွေစစ်ဆေးဖို့ လိုပါသေးတယ်”ဟု ၎င်းက ပြောဆိုသည်။
တောင်ငူမြို့နယ် အမှတ် ၃ ရပ်ကွက်နေ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူးဟောင်း ဦးမျိုးလွင်သည် ၂၀၁၈ ခုနှစ်ဇူလိုင်လအတွင်းက Lwin Myo Oo၊ Lwin Myo U၊ UMyo Lwin၊ Myo OoLwin အစရှိသည့် Facebook အကောင့်များဖြင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့၏ ရုပ်ပုံများကို မဖွယ်မရာပြုလုပ်ပြီး ညစ်ညမ်းစာသားများ ရေးသားနေခဲ့၍ ပဲခူးတိုင်း ဝန်ကြီးချုပ်ထံ အသိပေးတိုင်ကြားရာမှ တိုင်းအစိုးရအဖွဲ့က နိုင်ငံတော် အတိုင်ပင်ခံရုံးသို့ ၂၀၁၈ ခုနှစ် သြဂုတ်လအတွင်းက တင်ပြတိုင်ကြားခဲ့ကြောင်း ထို့ကြောင့် အတိုင်ပင်ခံရုံးမှတစ်ဆင့် တရားစွဲဆိုရန်ညွှန်ကြားခဲ့၍ ဇန်နဝါရီ ၆ ရက်နေ့က ဦးမျိုးလွင်ကို ပုဒ်မ ၁၂၄ (က)ဖြင့် တောင်ငူမြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့ပြီးနောက် ဇန်နဝါရီလ ၇ ရက်နေ့က ချုပ်ရမာန်ယူခဲ့သည်။
နိုင်ငံတော်အစိုးရနှင့် အစိုးရအဖွဲ့ဝင်များကို အကြည်ညိုပျက်စေရန်ပြုလုပ်ကြောင်း ပြစ်မှုထင်ရှားပါက ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က)အရ ငွေဒဏ်နှင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်းဖြစ်စေ၊ ငွေဒဏ်နှင့် ထောင်ဒဏ် သုံးနှစ်အထိဖြစ်စေ ချမှတ်နိုင်ကြောင်း ရာဇသတ်ကြီး ဥပဒေတွင်ဖော်ပြပါရှိသည်။
R-15
- VIA
- Voice Admin
- SOURCES
- The Voice
-
12-Dec-2019
-
12-Dec-2019
-
12-Dec-2019
-
12-Dec-2019
-
12-Dec-2019
-
12-Dec-2019
-
01-Dec-2019