News

POST TYPE

CRIME & ACCIDENT

စိတ်ရောဂါရှိသည့် အမျိုးသမီးကို အဓမ္မပြုကျင့်သူကို အမှုဖွင့်
13-Dec-2018
ရန်ကုန်၊ ဒီဇင်ဘာ ၁၃

ရန်ကုန်တောင်ပိုင်းခရိုင်၊ ညောင်ဝိုင်းသံကြိုးကျေးရွာတွင် စိတ်ရောဂါခံစားနေရသည့် အသက် ၂၃ နှစ် အမျိုးသမီးတစ်ဦးကို ခြောက်လှန့်ပြောဆိုပြီး သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့သည့် အမျိုးသားကို ဒီဇင်ဘာလ ၁၂ ရက်နေ့က မုဒိမ်းမှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အမှုဖွင့်ခံရသူ အသက် ၃၈ နှစ် အမျိုးသားမှာ ယင်းကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ဒီဇင်ဘာလ ၈ ရက်နှင့် ၉ ရက်နေ့များက စိတ်ရောဂါခံစားနေရသည့် အမျိုးသမီးကို ရွာပြင်တွင် သားမယားအဖြစ် နှစ်ကြိမ် အဓမ္မပြုကျင့်ခဲ့ပြီး ယင်းကိစ္စကို အခြားသူအား ပြန်ပြောပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း စိတ်ရောဂါရှိသူက ကနဦး စစ်ဆေးချက်အရ ရဲထံထွက်ဆိုထားသည်။

“အမှုဖြစ်တဲ့ရွာက ကွမ်းစိုက်သူများတယ်။ မုဒိမ်းကျင့်ခံရတဲ့အမျိုးသမီးက ကွမ်းခြံကပြန်လာချိန် ရွာထိပ်မှာ အဓမ္မပြုကျင့်ခံရတယ်။ ထင်းရှာချိန်မှာပါ နောက်တစ်ကြိမ် ကျင့်ခံရတယ်ပြောတယ်။ ဖြစ်တဲ့အချိန်မှာပဲ ရွာထဲမှာ ဟိုတစ်စ ဒီတစ်စ ပြောနေကြပေမယ့် နစ်နာသူက ဘာမှ မပြောဘဲ ငိုနေခဲ့တာ။ နှစ်ရက်အကြာမှ ဒီကိစ္စကို သူက ထုတ်ပြောလာတာကြောင့် လတ်တလော အမှုဖွင့်ခံရသူကိုပဲ ဖမ်းဆီးစစ်ဆေးနိုင်ဖို့အရေး ဆောင်ရွက်နေပါတယ်”ဟု ရဲအရာရှိက ပြောသည်။ 

ယခုနှစ် ရန်ကုန်တိုင်းဒေသကြီးတွင် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ၁၁ လအတွင်း မုဒိမ်းမှုဖြစ်စဉ် ၂၇၆ မှုအထိ ဖြစ်ပွားခဲ့ပြီး ယခင်နှစ်ကုန် မုဒိမ်မှုဖြစ်စဉ်များထက် ယခုနှစ်မှာ နှစ်မကုန်မီ ပိုမိုမြင့်တက်လာပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

S-03