News

POST TYPE

CRIME & ACCIDENT

ရွှေကျင်တွင် ရဲစခန်းသို့ခေါ်ပြီး ရိုက်နှက်ခံရသည်ဟု တိုင်ကြားမှုကို စတင်စစ်ဆေး
13-Dec-2018
တောင်ငူ၊ ဒီဇင်ဘာ ၁၂

ပဲခူးတိုင်း ရွှေကျင်မြို့နယ် သံဆိပ်နယ်မြေရဲစခန်းမှူးနှင့် တာဝန်ရှိသူများက တစ်ရွာတည်းနေသူအချင်းချင်း စကားများသည့်ကိစ္စနှင့်ပတ်သက်ပြီး နိုဝင်ဘာ ၁၅ ရက်နေ့ ည ၁၁ နာရီခန့်က စခန်းသို့ခေါ်ပြီး ရိုက်နှက်ခံခဲ့ရကြောင်း တိုင်ကြားမှုကို ဒီဇင်ဘာလ ၁၂ ရက်နေ့မှ စတင်စစ်ဆေးနေပြီဖြစ်ကြောင်း ယင်းမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်းကပြောကြားသည်။

တိုင်ကြားသူနှင့် သက်သေအချို့ကို စစ်ဆေးနေပြီဖြစ်သော်လည်း တိုင်ကြားခံရသူကို စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့၍ စစ်ဆေးခြင်းမျိုးမရှိသေးကြောင်း ၎င်းကဆိုသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့နံနက်ပိုင်းက ရွှေကျင်မြို့နယ် သံဆိပ်ကျေးရွာနေ ဦးဇော်မြတ်လင်း (၄၁ နှစ်)နှင့် တစ်ရွာတည်း နေသူတစ်ဦးတို့ စကားများခဲ့ကြပြီး နေ့လယ်ပိုင်းတွင် သံဆိပ်နယ်မြေရဲစခန်းမှ တာဝန်ရှိသူများက ဦးဇော်မြတ်လင်းကို ခေါ်သွားပြီး နောက်တစ်နေ့ (နိုဝင်ဘာ ၁၆ ရက်)တွင် ၎င်းတို့နေထိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ စခန်းသို့လိုက်သွားချိန် ဦးဇော်မြတ်လင်း၏မျက်လုံးဖူးရောင်၊ မျက်နှာညိုမည်းဒဏ်ရာ၊ ဝမ်းဗိုက်ဒဏ်ရာများမြင် တွေ့ခဲ့ရသည့်အတွက် သံဆိပ်နယ်မြေ ရဲကင်းမှူး ကိုမေးမြန်းရာ ၎င်းကိုပါအချုပ်ထဲ ထည့် ချုပ်နှောင်ခံခဲ့ရကြောင်း ရိုက်နှက်ခံရသူ ဦးဇော်မြတ်လင်း၏ဇနီးဖြစ်သူ ဒေါ်စုက ပြောကြားသည်။

“ကျွန်မခင်ပွန်းကိုအချုပ်ထဲ အဲဒီနေ့ (နိုဝင်ဘာ ၁၅ ရက်) ညတွင်းချင်း (အချုပ်ထဲ) ထည့်ပစ်တယ်။ နောက်တစ်နေ့မှာ ကျွန်မတို့ အချုပ်ကိုလိုက်သွားတော့ မျက်နှာညိုမည်းဖူးရောင်နေပြီး တိုင်မယ်ဆိုပြီးပြောတော့ ကျွန်မကိုပါ အချုပ်ထဲထည့်ခံရတယ်။ နောက်တစ်နေ့မှ အချုပ်ကပြန်လွှတ်တယ်။ ဆေးရုံမှာ ၁၂ ရက်တက်လိုက်ရတာလည်း ဆယ့်လေး၊ ငါးသိန်းကုန်သွားတယ်”ဟု ၎င်းကပြောဆိုသည်။

အခင်းဖြစ်သည့်နေ့က မိမိသည် ညောင်လေးပင်မြို့သို့ ရောက်ရှိနေပြီး သတင်းကြားသိရသော်လည်း အတိအကျမသိခဲ့ကြောင်း၊ နစ်နာသည်ဟုဆိုသော မိသားစုသည် သံဆိပ်ကျေးရွာမှမဟုတ်ဘဲ အခြားရွာတစ်ရွာမှသာဖြစ်ပြီး ရဲစခန်းသို့ လိုက်ပါလာပေးသည့် ကျေးရွာလူကြီးမှာ ၎င်းတို့ အပိုင်ကျေးရွာလူကြီး ဖြစ်မည်ဟုယူဆကြောင်း သံဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဖုန်းနိုင်က ပြောကြားသည်။

“အခင်းဖြစ်နေ့က သူ (ဦးဇော်မြတ်လင်း)က မူးနေပါတယ်။ စခန်းမှာစစ်ဆေးဖို့ခေါ်လာချိန် တံခါးပေါက်မှာလဲပြီး ဒဏ်ရာအချို့ရတာပါ။ သူတို့ပြောနေတာ မမှန်မကန် လုပ်ကြံပြောဆိုမှုပါ”ဟု ရိုက်နှက်သည်ဟု စွပ်စွဲခံရသူ ဒုရဲအုပ် ထွန်းကိုကိုလွင်က ပြောကြားသည်။

ယင်းပြဿနာနှင့်ပတ်သက်ပြီး ရွှေကျင်မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တိုင်းရဲတပ်ဖွဲ့မှူးတို့ထံ ဒီဇင်ဘာ ၁၂ ရက်နေ့ မွန်းလွဲပိုင်းမှစတင်ကာ ဖုန်းဖြင့် ဆက်သွယ်စုံစမ်းမေးမြန်းသော်လည်း လက်ခံဖြေကြားမှု မပြုခဲ့ချေ။

R-15