News

POST TYPE

CRIME & ACCIDENT

ထိုင်းစားသောက်ကုန်ကုမ္ပဏီက ပြည်တွင်း၌ ကန်ဒေါ်လာ ၇၃ သန်းကျော် ရင်းနှီးမြှုပ်နှံ
12-Dec-2018
ရန်ကုန်၊ ဒီဇင်ဘာ ၁၂

ထိုင်းနိုင်ငံအခြေစိုက် စားသောက်ကုန်ထုတ်လုပ်သည့် Osotspa အများပိုင်ကုမ္ပဏီက ပြည်တွင်း၌ အားဖြည့်အချိုရည်များထုတ်လုပ်ရန် အမေရိကန်ဒေါ်လာ ၇၃ သန်းကျော် (ထိုင်းဘတ် ၂၄၀၀ သန်း) ရင်းနှီးမြှုပ်နှံလိုက်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကို သောက်ရေသန့်နှင့် အချိုရည်လုပ်ငန်း လုပ်ကိုင်လျက်ရှိသည့် လွယ်ဟိန်းကုမ္ပဏီနှင့် ပူးပေါင်းလုပ်ကိုင်မည်ဖြစ်ပြီး အချိုရည်ထုတ်ကုန်များ ထုတ်လုပ်မည့်စက်ရုံသစ်ကို သီလဝါအထူးစီးပွားရေးဇုန် (ဘီ) ၌ တည်ဆောက်ထားပြီးဖြစ်ကြောင်း အဆိုပါကုမ္ပဏီများထံမှ သိရသည်။

ယင်းစက်ရုံအသစ်မှ ပြည်တွင်း၌ ထုတ်လုပ်ဖြန့်ချိလျက်ရှိသော Shark အမှတ်တံဆိပ် အားဖြည့်အချိုရည်ထုတ်ကုန်ကို အဓိက ထုတ်လုပ်မည်ဖြစ်ပြီး နောက်ပိုင်းတွင် Osotspa ကုမ္ပဏီက ထိုင်းနိုင်ငံ၌ ထုတ်လုပ်လျက်ရှိသည့် အခြားအမှတ်တံဆိပ် စားသောက်ကုန်ထုတ်ကုန်များကို ထုတ်လုပ်မည်ဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

“နှစ်စဉ်တိုးတက်မှုနှုန်း သိသိသာသာ မြင့်တက်လာနေတဲ့ မြန်မာနိုင်ငံရဲ့ လက်လီကဏ္ဍရဲ့ အရှိန်အဟုန်ကြောင့် အခုလို ပြည်တွင်းဈေးကွက်ကို ဝင်ရောက်လာတာဖြစ်တာပါ”ဟု Osotspa အများပိုင်ကုမ္ပဏီ၏ အမှုဆောင်အရာရှိ Mrs.Wannipa Bhakdibutr က ပြောကြားကြောင်း ယင်းကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Osotspa ကုမ္ပဏီသည် နိုင်ငံပေါင်း ၂၅ နိုင်ငံတွင် အားဖြည့်အချိုရည်၊ အားကစားသမားများအတွက် အထူးစီမံထားသည့် အချိုရည်၊ အသင့်သောက်ကော်ဖီနှင့် အခြားဖျော်ရည်များ၊ ကလေးနှင့် အမျိုးသမီးအလှအပပစ္စည်းများ၊ သကြားလုံး ထုတ်လုပ်သည့် လုပ်ငန်းများအပြင် အခြားစီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည့် ထိုင်းကုမ္ပဏီတစ်ခု ဖြစ်သည်။

J-01