News

POST TYPE

CRIME & ACCIDENT

ပန်းတောင်းတွင် ဆိုင်ကယ်စီးလာသူ အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် အပစ်ခံရ
08-Dec-2018

ပန်းတောင်း၊ ဒီဇင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပန်းတောင်းမြို့နယ်၊ ကံမလမ်းခွဲအနီးကားလမ်းပေါ်တွင် ဒီဇင်ဘာလ ၈ ရက်နေ့ နံနက်က ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရမှုကြောင့် အမျိုးသမီးတစ်ဦးမှာ အရေးပေါ်ဆေးရုံတင်ခဲ့ရကြောင်း ပန်းတောင်းမြို့နယ်၊ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

ယင်းနေ့ နံနက် ၁၁ နာရီခွဲခန့်က ဆိုင်ကယ်စီးနင်းလာသူ အမျိုးသမီးနှစ်ဦးမှာ ပြည်မှ ကံမဘက်သို့အသွား လမ်းမဘေး၌ ဆိုင်ကယ်ရပ်တန့်ထားသူ အမျိုးသားနှစ်ဦးက ရှေ့တည့်တည့်မှ ရိုင်ဖယ်သေနတ်ဟု ယူဆရသော သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အသေးစိတ်ကိုတော့ ကျွန်တော်တို့ စုံစမ်းနေဆဲပါ။ သက်ဆိုင်ရာနယ်မြေတွေ ပိတ်ဆို့ဖို့လုပ်နေတယ်။ တစ်ယောက်ကတော့ သေနတ်နှစ်ချက် ထိသွားတယ်။ ဘာမှမဖြစ်တဲ့ကလေးမ ပြောပြချက်အရ သိရတယ်”ဟု ပန်းတောင်းမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ဒဏ်ရာများရရှိခဲ့သည့် အမျိုးသမီးကို ပြည်မြို့ ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် တင်ပို့ပေးခဲ့ရကြောင်း ကူညီဆောင်ရွက်ပေးသူတစ်ဦးက ပြောကြားသည်။

အဆိုပါသေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသူမှာ ပန်းတောင်းမြို့နယ်၊ မန်ကျည်းပင်ကျေးရွာမှ ချင်းအမျိုးသမီးတစ်ဦးဖြစ်သည်။

M-06