News

POST TYPE

CRIME & ACCIDENT

လူသတ်မှုဖြင့် အကျဉ်းကျရာမှ လွတ်မြောက်လာသူ မြန်မာလုပ်သားကို ထိုင်းလက်ဝှေ့ကလပ် ကမ်းလှမ်း
04-Dec-2018
ရန်ကုန်၊ ဒီဇင်ဘာ ၃

ထိုင်းကျောင်းသူ အသတ်ခံရမှုကြောင့် အကျဉ်းကျနေသည့် မြန်မာလုပ်သားသုံးဦးအနက် ဒီဇင်ဘာလ ၃ ရက်က လွတ်မြောက်ခဲ့သူ အသက် ၁၈ နှစ်ရှိ ကိုမိုးဇင်အောင်ကို ထိုင်းနိုင်ငံ လက်ဝှေ့ကလပ်တစ်ခုက တစ်လ ဘတ်ငါးသောင်းဖြင့် ကမ်းလှမ်းခဲ့ကြောင်း ထိုင်းအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း ဒါရိုက်တာ ဦးထူးချစ်က ပြောကြားသည်။

“အဓိကတော့ မိုးဇင်အောင်ရဲ့ လက်ဝှေ့ပညာကို သဘောကျလို့ ကလပ်က လာကမ်းလှမ်းတာပေါ့။ စာချုပ်ချုပ်မယ့် အသေးစိတ်ကိစ္စတွေက သေချာလေ့လာပြီး ကူညီဆောင်ရွက်ပေးသွားမယ်”ဟု ၎င်းကဆိုသည်။

ကိုမိုးဇင်အောင်သည် ရနောင်းမြို့ လူငယ်လေ့ကျင့်ရေးအကျဉ်းစခန်း၌နေထိုင်စဉ် အသက်မွေးဝမ်းကျောင်းပညာအဖြစ် လက်ဝှေ့ကစားနည်းကိုသင်ယူခဲ့ကာ ၂၀၁၇ ခုနှစ်၌ ထိုင်းနိုင်ငံ လူငယ်လေ့ကျင့်ရေး အကျဉ်းစခန်းပေါင်းစုံ လက်ဝှေ့ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ထိုင်းအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းသည် ရနောင်းလူသတ်မှုကြောင့် မြန်မာလူငယ်လေးဦးကို ထိုင်းရဲတပ်ဖွဲ့က စတင်ဖမ်းဆီးခဲ့သော ၂၀၁၅ခုနှစ် အောက်တိုဘာလမှစ၍ ကူညီပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း ထိုင်းနိုင်ငံ မဲဆောက် အခြေစိုက် ပရဟိတအသင်းအဖွဲ့အချို့က မှတ်ချက်ပြုသည်။

“ရွှေ့ပြောင်းလုပ်သားတွေက ဘဝက မလွယ်ဘူး။ ဒီမှာ တစ်ခုခု ပြဿနာတက်ပြီဆို အန္တရာယ်ကြီးတယ်။ အပြစ်ရှိတာ မရှိတာထက် ယုံထင်ကြောင်ထင်နဲ့ အဖမ်းခံရတာတွေ ရှိတယ်။ အခုလို အကျဉ်းကျနေပေမယ့် အားကစားပညာရပ်တစ်ခု ထူးချွန်လို့ သူ့နိုင်ငံက ပြန်ကမ်းလှမ်းခံရတာ ဂုဏ်ယူစရာကောင်းတယ်။ ဒီကလေးတွေအတွက် ဝမ်းသာပါတယ်”ဟု မဲဆောက်ခရိုင် မြန်မာလုပ်သားများ ရိုင်းပင်းကူညီရေးအဖွဲ့မှ ဦးစောထယ်က မှတ်ချက်ပြုသည်။

ရနောင်းမြို့တွင် ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၈ ရက်က ၁၈ နှစ်အရွယ် ထိုင်းကျောင်းသူတစ်ဦး ဓားဒဏ်ရာ ၁၇ ချက်ဖြင့် သေဆုံးခဲ့သည့်ဖြစ်စဉ်ကြောင့် ကျူးလွန်သည်ဟု သံသယရှိသော ကိုမိုးဇင်အောင် အပါအဝင် ကိုကျော်စိုးဝင်း၊ ကိုစိန်ကတုံးနှင့် ကိုဝေလင်းတို့ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုကို ရုံးတင်စစ်ဆေးရာတွင် ထိုင်းတရားသူကြီးက မြန်မာလုပ်သားလေးဦးစလုံးကို အမြင့်ဆုံးပြစ်ဒဏ် ရှစ်နှစ်နှင့်အတူ ဒဏ်ငွေ ဘတ် ၁၆ သိန်းကိုလည်း ပူးတွဲအမိန့်ချမှတ်ခဲ့သည်။

သို့သော် အဆိုပါလေးဦးအနက်မှ အသက်မပြည့်သေးသည့် ကိုမိုးဇင်အောင်နှင့် ကိုကျော်စိုးဝင်းတို့ နှစ်ဦးကို သီးခြား အမိန့်ချမှတ်ခဲ့ရာ ကိုမိုးဇင်အောင်မှ ထောင်ဒဏ်လေးနှစ်နှင့် ဒဏ်ငွေ ဘတ် ၈ သိန်းတစ်သောင်းနှင့် ကိုကျော်စိုးဝင်းကို ထောင်ဒဏ် ၂ နှစ်နှင့် ဒဏ်ငွေ ဘတ် ၂ သိန်း ၇ သောင်းစီ အသီးသီး ပြစ်ဒဏ်ချမှတ်ခဲ့သည့်အနက် ချုပ်ရက်များ ခံစားခွင့်ကြောင့် ကိုကျော်စိုးဝင်းသည် အဆိုပါရက်၌ပင် လွတ်မြောက်ခဲ့ခြင်းဖြစ်ပြီး ကိုမိုးဇင်အောင်မှာ ဆက်လက်လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းထံမှ သိရသည်။

ထိုင်းနိုင်ငံ ဥပဒေတွင် အသက် မပြည့်သေးသူအား ထောင်ချခံရလျှင် အသက် ၁၈ နှစ်ပြည့်ပါက လွတ်မြောက်ခွင့်ရှိကြောင်း ယင်းဖောင်ဒေးရှင်းထံမှ စုံစမ်းသိရသည်။

J-17