News

POST TYPE

CRIME & ACCIDENT

ကြည့်မြင်တိုင်ကမ်းနားလမ်းရှိ တည်းခိုခန်းတစ်ခုတွင် အမျိုးသားတစ်ဦး ဓားထိုးခံရ
20-Nov-2018
ရန်ကုန်၊ နိုဝင်ဘာ ၁၉

ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်းရှိ တည်းခိုခန်းတစ်ခုတွင် နိုဝင်ဘာလ ၁၈ ရက် နံနက်အစောပိုင်းက အခန်းတစ်ခန်းတွင် လာရောက်တည်းခိုနေသည့် အမျိုးသားတစ်ဦးမှာ ဓားဖြင့်ထိုးခံရကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

ဝမ်းဗိုက်ကို ဓားဖြင့် နှစ်ချက်ဆင့် ထိုးခံရသူ အသက် ၂၆ နှစ် အမျိုးသားမှာ စမ်းချောင်းမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ၎င်းမှ သူငယ်ချင်း အမျိုးသားတစ်ဦးနှင့်အတူ အလုံမြို့ရှိ SKY WAY ကလပ်သို့ သွားရောက်ပြီးနောက် ကြည့်မြင်တိုင် ကမ်းနားလမ်းရှိ တည်းခိုခန်းတစ်ခုတွင် သွားရောက်တည်းခိုခဲ့သည်။

“ဓားနဲ့အထိုးခံရသူက ကလပ်သွားရင်း ဘာဘူဆိုတဲ့သူနဲ့ ခင်မင်ရင်းနှီးခဲ့တယ်လို့ ပြောတယ်။ အခင်းဖြစ်နေ့က တည်းခိုခန်းမှာ ဘာဘူနဲ့ သူ(ဓားထိုးခံရသူ) မိန်းကလေးကိစ္စနဲ့ပတ်သက်ပြီး နှစ်ယောက်အချေအတင် စကားများခဲ့ကြရာက ဘာဘူက ဓားနဲ့ထိုးသွားတာ။ တရားခံကို မမိသေးပါဘူး”ဟု ရဲအရာရှိက ပြောသည်။

ဓားဖြင့်ထိုးခံရသူကို ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ထားပြီး နာကျင်ဒဏ်ရာများ ရရှိအောင် ပြုလုပ်ခဲ့သည့် ဘာဘူ(စုံစမ်းဆဲ)ကို ဖမ်းဆီးအရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိပြီးယင်းအမှုကို ကြည့်မြင်တိုင်မြို့မ ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03