News

POST TYPE

CRIME & ACCIDENT

သတင်းမှားပေးပြီး မနှောင့်ယှက်ကြရန် အမြန်လမ်းရဲတပ်ဖွဲ့ အသိပေး
08-Nov-2018
တောင်ငူ၊ နိုဝင်ဘာ ၈

ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက် ရဲစခန်းများသို့ ယခုရက်ပိုင်းအတွင် ဖုန်းဖြင့်သတင်းမှားပေးကာ နှောင့်ယှက်သူများရှိနေပြီး ထိုသို့ နှောင့်ယှက်မှုဆိုးလာလျှင် ဖော်ထုတ်အရေးယူမည်ဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ အကြီးတန်း ရဲအရာရှိတစ်ဦးက သတိပေးပြောကြားသည်။

ယမန်နေ့ည ၉ နာရီခန့်က ဖုန်းနံပါတ်နှစ်ခုဖြင့် ယာဉ်တိုက်မှုဖြစ်နေပြီး အသေအပျောက်များကြောင်း၊ ကူညီမည့်သူများမရှိကြောင်း ဆက်တိုက်သတင်းပေး အကူအညီတောင်းသဖြင့် အမြန်လမ်းရဲတပ်ဖွဲ့ဝင်များက ည ၁၀နာရီခွဲအထိ လိုက်ရှာသော်လည်း လမ်းတစ်လျှောက် မည်သည့်ယာဉ်တိုက်မှုမှမဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

အဆိုပါဖုန်းနံပတ်များကို ပြန်ဆက်ရာ လက်ခံဖြေကြားခြင်းမပြုကြောင်း၊ တပ်ဖွဲ့ဝင်များ လုပ်ငန်းဆောင်ရွက်မှုကို အနှောင့်အယှက်မပေးဘဲ ပါဝင်ကူညီကြရန်နှင့် ထိုသို့သတင်းမှားပေးမှု ထပ်မံပြုလုပ်လာလျှင် တည်ဆဲဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း အဆိုပါရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးတစ်ဦးက “အရင်ကလည်း ဖြစ်စဉ်အမှားတွေနဲ့ နှောင့်ယှက်တဲ့ပုံစံ ဖုန်းဆက်တာမျိးရှိတယ်၊ ဥပမာ ဘယ်လို အကူညီလို့တယ်၊ ဘယ်နေရာမှာဆိုပြီး တကယ်တမ်း ရဲတပ်ဖွဲ့ဝင်တွေသွားတဲ့အခါ နောက်တစ်နေရာ ပြောတာမျိုး သာမက မလာသေးဘူးလားဆိုပြီး ဖုန်းဆက်မှုမျိုးပါ၊ သိပ်ဆိုးရွားလာရင် ဥပဒေအရ အရေးယူဖို့ လုပ်နေတယ်”ဟု ပြောကြားသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် ရဲစခန်း ၁၆ ခုရှိပြီး ယင်းရဲစခန်းများ၏ ဖုန်းနံပါတ်များကို ထုတ်ပြန်ပေးထားသည်။

R-15