News

POST TYPE

CRIME & ACCIDENT

ရဲအယောင်ဆောင်ပြီး သစ်ကားများမှ ငွေတောင်းယူနေသူ နှစ်ဦးကို အမှုဖွင့်
26-Oct-2018
ရန်ကုန်၊ အောက်တိုဘာ ၂၅

လှည်းကူးမြို့နယ်၊ လှည်းကူး-ဖောင်ကြီး-အမြန်လမ်းတွင် အရပ်ဝတ်များဖြင့် ရဲအယောင်ဆောင်ပြီး လမ်းပေါ် သွားလာနေသည့် သစ်ကားများထံမှ ငွေတောင်းယူနေသည့် အမျိုးသားနှစ်ဦးကို အောက်တိုဘာလ ၂၄ ရက် ညနေပိုင်းက ပြည်သူ့ဝန်ထမ်းအယောင်ဆောင်မှုပုဒ်မဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။ 

အရေးယူခံရသူနှစ်ဦးမှာ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ ရဲစုတောင်ရပ်ကွက်တွင်နေထိုင်သူ အသက် ၂၄ နှစ် ကုလားလေး (ခ) မြတ်မင်းချစ်နှင့် လှည်းကူးမြို့နယ်၊ ပြည်တော်သာရပ်ကွက်တွင် နေထိုင်သူ အသက် ၂၉ နှစ် ဝေယံကျော် (ခ) ကျော်ကြီးတို့ဖြစ်ပြီး ၎င်းတို့နှစ်ဦးမှာ အရပ်ဝတ်များဖြင့် ရဲအယောင်ဆောင်၍ လှည်းကူး-ဖောင်ကြီး- အမြန်လမ်းတွင် သွားလာနေသည့် သစ်ကားမောင်းသူများထံမှ ငွေများတောင်းယူနေကြောင်း အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။

အဆိုပါ ရဲအယောင်ဆောင်အမျိုးသားနှစ်ဦးက Toyota Vitz အမျိုးအစား ရွှေအိုရောင် မော်တော်ယာဉ်တစ်စီးဖြင့် လှည့်လည်၍ သစ်ကားများကို တားဆီးပြီး ငွေကျပ်နှစ်သောင်းမှနေ၍ ငါးသိန်းအထိ တောင်းခံခြင်း၊ ၎င်းတို့ တောင်းဆိုသည့် ငွေမရရှိပါက သစ်တောရဲစခန်းသို့ ဖုန်းဆက်၍ အကျပ်ကိုင်ခြင်းများ ပြုလုပ်နေကြောင်း သတင်းပေးတိုင်ကြားလာသဖြင့် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။

“အရပ်ဝတ် ရဲအယောင်ဆောင်နှစ်ယောက်က သစ်ကားတွေဆီက ပိုက်ဆံတွေ တောင်းယူတယ်။ သူတို့ တောင်းယူတဲ့ငွေမရရင် အဲဒီသစ်ကားတွေကို သူတို့ကိုယ်တိုင် မောင်းယူသွားတယ်လို့လည်း တိုင်ကြားလာခဲ့သူတွေ ရှိတယ်။ ဒီလူနှစ်ယောက်အကြောင်းကို စုံစမ်းကြည့်တော့ ရဲတပ်ဖွဲ့ဝင်အယောင်ဆောင်ဆိုတာကို သိရှိခဲ့ရပြီးပြီ။ သူတို့ ပိုက်ဆံတောင်းယူနေတဲ့ သစ်ကားတွေက တရားဝင် သယ်ဆောင်လာတဲ့ သစ်ကားတွေလား ဒါမှမဟုတ် တရားမဝင်လားဆိုတာကိုလည်း စုံစမ်းစစ်ဆေးနေတယ်”ဟု ရဲအရာရှိက ပြောသည်။

အဆိုပါ ရဲအယောင်ဆောင်ပြီး သစ်ကားများထံမှ ငွေတောင်းယူနေသည့် အမျိုးသားနှစ်ဦးကို ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိပြီး လှည်းကူးမြို့မ ရဲစခန်းက (ပ) ၁၀၈၈/၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၁၇၀ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

S-03


  • VIA