News

POST TYPE

CRIME & ACCIDENT

သထုံတွင် ဒုရဲအုပ်တစ်ဦး သေနတ်နှင့် ကိုယ့်ကိုယ်ကိုယ်ပစ်
23-Oct-2018
မော်လမြိုင်၊ အောက်တိုဘာ ၂၂

မွန်ပြည်နယ် သထုံမြို့နယ်တွင် ဒုရဲအုပ်အဆင့်ရှိသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦး အောက်တိုဘာလ ၂၂ ရက်နေ့ နေ့လယ်ပိုင်းက ၎င်း၏နေအိမ်၌ မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း မွန်ပြည်နယ် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး (ဦးစီး) ရဲမှူးမြင့်ဝင်းက အတည်ပြုပြောကြားသည်။

“သူ့ကိုယ်သူ သေနတ်နဲ့ပစ်ပြီး သတ်သေတာ။ သူက တခြားပြဿနာတော့ မရှိပါဘူး။ အရက်နားထားတော့ နည်းနည်း ကြောင်တောင်တောင်ဖြစ်နေတယ်။ သူ့အိမ်မှာပဲ မနက်ပိုင်း ဂျူတီမသွားရသေးခင်မှာဖြစ်တာ။ သူက သေနတ်ကိုလည်း အပြီးထုတ်သွားတယ်။ ဒါကြောင့် သူ့လက်ထဲမှာ သေနတ်ရှိနေတာ”ဟု ရဲမှူးမြင့်ဝင်းက ဆိုသည်။

ဖြစ်စဉ်မှာ ဒုရဲအုပ် ညီညီဇော်သည် ထိုနေ့ နံနက် ၈ နာရီအချိန် ယူနီဖောင်းဝတ်၍ အိမ်မှထွက်ခဲ့ရာ နံနက် ၁၀ နာရီခန့်တွင် နေအိမ်သို့ ပြန်လည်ရောက်ရှိလာကြောင်း၊ ယင်းနောက် ၎င်း၏နေအိမ် အိပ်ခန်းတွင်းမှ ဗြောက်အိုးဖောက်သံကဲ့သို့ အသံကြားရသဖြင့် ညီမဖြစ်သူက သွားရောက်ကြည့်ရှုရာ ၎င်း၏သေနတ်ကို ယာဘက်ပခုံးနားတွင် တွေ့ရှိရကြောင်း၊ ညီမဖြစ်သူက မေးမြန်းရာတွင် ၎င်းက ဘာမှမဖြစ်ဟုသာ ဖြေကြားခဲ့ကြောင်း၊ ယင်းနောက် ဧည့်သည်များ လာရောက်ကြသည့်အတွက် မိခင်မှ ထပ်မံသွားကြည့်ရာတွင် ဒုရဲအုပ် ညီညီဇော်၏ ရင်ဝ၌ သွေးကွက်၍ ကျည်ဖောက်ထွက်မှု ဖြစ်သလားဟု မေးမြန်းရာတွင် ၎င်းက ဟုတ်ကဲ့ဟု ဖြေကြားခဲ့သဖြင့် သထုံမြို့နယ် ပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့ကြောင်း ရဲမှတ်တမ်းအရသိရသည်။ 

လက်ရှိတွင် ဒုရဲအုပ် ညီညီဇော်မှာ သထုံမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ခွဲစိတ်ကုသမှုခံ ယူနေရကြောင်း၊ ဒဏ်ရာမှာ စိုးရိမ်ရသည့် အခြေအနေရှိကြောင်း၊ လက်ရှိတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း၊ ထိုသို့ ရဲဝတ်စုံဖြင့် မိမိကိုယ်ကိုယ်သေနတ်ဖြင့် ပစ်ခတ်သည့်ကိစ္စနှင့်ပတ်သက်၍ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ရဲမှူးမြင့်ဝင်းက ပြောသည်။

“အကယ်၍ အသက်သေသွားရင်တော့ အရေးယူလို့မရဘူး။ အသက်မသေဘူးဆိုရင်တော့ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ သူ့ကို အရေးယူရလိမ့်မယ်။ ဒါနဲ့ပတ်သက်ပြီး ရဲစခန်းရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ ဆက်ပြီး အရေးယူဆောင်ရွက်သွားရမယ်”ဟု ၎င်းက ဆိုသည်။

ဒုရဲအုပ် ညီညီဇော်မှာ အရက်သေစာ သောက်စားတတ်သူ တစ်ဦးဖြစ်ပြီး လွန်ခဲ့သည့် ၂ ပတ်ခန့်က အရက်ဖြတ်ထားသူ တစ်ဦးဖြစ်ကြောင်း၊ ၎င်းကိုင်ဆောင်သည့် သေနတ်မှာ ခြောက်လုံးပြူး သေနတ်ဖြစ်ကြောင်း၊ လက်ရှိ ဒုရဲအုပ် ညီညီဇော်မှာ ဘဏ်လုံခြုံရေးကင်းတွင် တာဝန်ကျနေသူဖြစ်ပြီး ၎င်းစစ်ဆေးနေသည့်အမှုများ အမြန်ပြီးပြတ်ရန် သထုံမြို့နယ် ရဲတပ်ဖွဲ့သို့ လာရောက်၍ အမှုများကို ပြီးပြတ်အောင် ဆောင်ရွက်နေသူတစ်ဦးဖြစ်ကြောင်း သထုံမြို့နယ် ရဲတပ်ဖွဲ့၏ ရဲမှတ်တမ်းများအရ သိရသည်။ 

R-21


  • VIA