News

POST TYPE

CRIME & ACCIDENT

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်တွင် ယာဉ်ရပ်နားခ ကောက်ခံမည့် အစီအစဉ် ဖျက်သိမ်း
22-Oct-2018
ရန်ကုန်၊ အောက်တိုဘာ ၂၁

ရန်ကုန်မြို့တွင်း ၆ မြို့နယ်အတွင်းရှိ ယာဉ်ရပ်နားကန့်သတ်ဇုန် ၈ ဇုန်နေရာ၌ နိုဝင်ဘာ ၁ ရက်နေ့တွင် ယာဉ်ရပ်နားခများ ကောက်ခံရန် စီစဉ်ထားသော်လည်း ဇုန် ၅ ဇုန်အတွက် တင်ဒါခေါ်ယူရာတွင် အောင်မြင်သူ မရှိသောကြောင့် ယာဉ်ရပ်နားခ ကောက်ခံခြင်းအစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တွဲဖက်အတွင်းရေးမှူးဦးသန်းက ပြောကြားသည်။

အဆိုပါ Manual စနစ်ဖြင့် စာရွက်ဖြတ်ပိုင်းဆုပ်ကာ ယာဉ်ရပ်နားခကောက်ခံမည့်အစီအစဉ်ကို ဖျက်သိမ်းလိုက်သောကြောင့် စမတ်ကတ်ဖြင့် ကားပါကင် (Smart  Parking) စနစ်ဖြင့် ကောက်ခံရန် တင်ဒါအသစ်ခေါ်ယူရန် ရန်ကုန်တိုင်း
အစိုးရအဖွဲ့ကို တင်ပြသွားရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ပထမ နိုဝင်ဘာ၁ရက်နေ့မှာ ဇုန် ၈ ဇုန်လုံး ကားပါကင်ကြေး တစ်ညီတည်း ကောက်မှ အဆင်ပြေမှာဖြစ်တဲ့အတွက် တင်ဒါ ၈ ဇုန်ခေါ်တာ မအောင်တဲ့ဇုန် ၃ ဇုန်ရယ် အောင်ပြီးတဲ့ ဇုန်၂ ဇုန်က ပြန်အပ်တဲ့အတွက် စုစုပေါင်း ဇုန်ငါးဇုန်ကို တင်ဒါပြန်ခေါ်တာတစ်ဇုန်မှ တင်ဒါမအောင်တဲ့အတွက် မူလအောင်မြင်တဲ့ တင်ဒါ ၃ ဇုန်ပါ ဖျက်သိမ်းလိုက်ပြီး နောက်ပိုင်းမှ အဆင့်မြှင့် စမတ်ကား ပါကင်ကောက်ဖို့ တိုင်းအစိုးရကိုပြန်တင်မယ်။ ဘယ်တော့ပြန်ခေါ်မလဲတော့ မသိသေးဘူး”ဟု ဦးသန်းကဆိုသည်။

ရန်ကုန်မြို့တွင်းမြို့နယ်များရှိ လမ်းမကြီးများနှင့် အမည်တပ်လမ်းများ၏ ယာဉ်ရပ်နားကန့်သတ်ဇုန်များတွင် ယာဉ်ရပ်နားခ ကောက်ခံခြင်း လုပ်ငန်းများ အငှားချထားရန် ဇုန် ၈ ဇုန်အတွက် လုပ်ငန်းရှင်များသို့ ဈေးပြိုင်တင်ဒါစနစ်ဖြင့် ဩဂုတ်လမှ စတင်ကာတင်ဒါခေါ်ယူခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

ယာဉ်ရပ်နားခ ကောက်ခံရန် ဇုန် ၈ ဇုန်အတွက် တင်ဒါခေါ်ယူရာတွင် ဇုန် ၅ ဇုန်သာ တင်ဒါ အောင်မြင်ခဲ့ကြောင်းနှင့် ဇုန် ၃ ဇုန်မှာ အောင်မြင်မှုမရှိခဲ့ကြောင်း၊ အောင်မြင်ခဲ့သည့်ဇုန် ၅ ဇုန်မှ ဇုန် ၂ ခုမှာ အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်အပ်နှံခဲ့ကြောင်းနှင့် ဇုန် ၅ ဇုန်အတွက် အောက်တိုဘာလတွင် တင်ဒါပြန်လည် ခေါ်ယူခဲ့သော်လည်း ယင်းဇုန် ၅ ဇုန်အတွက် တင်ဒါအောင်မြင်သူမရှိခဲ့ကြောင်း ဖျက်သိမ်းလိုက်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တွဲဖက်အတွင်းရေးမှူးထံမှသိရသည်။

“အခု ဖျက်သိမ်းတာက အမတော့ သေချာမသိသေးဘူး။ ကားပါကင်ကြေး ဖျက်သိမ်းတာက နည်းနည်းတော့ လုပ်နည်း လုပ်ဟန်မလုပ်ဘူး ထင်တာဘဲ။ ကားပါကင်ကြေးကောက်တာ စနစ်တကျပုံစံမျိုးပုံမပေါ်လို့ လွှတ်တော်မှာ ဆွေးနွေးခဲ့တယ်။ စနစ်တကျ ကားပါကင်ကြေးကောက်ဖို့လိုတယ်လို့ပြောခဲ့တယ်။ တင်ဒါခေါ်တဲ့ဇုန်တွေကလဲ အမသိရသလောက်က ကျောက်တံတားဆိုရင် အမြဲတမ်းကားကြပ်နေတော့ အောင်မှာပေါ့။ ဗိုလ်တစ်ထောင်လိုနေရာမျိုးက တစ်ပိုင်းလောက်ပဲရဖို့ရှိတယ်။ အဲလိုနေရာမျိုးကျတော့ ဘယ်သူကယူမှာလဲ။ ဇုန်ဆွဲတဲ့အပေါ်မှာလဲမူတည်တယ်။ Public Area ကတော့ ကားပါကင်ကြေးကောက်တော့ ကောက်ရမှာဘဲ။ စနစ်တကျပြင်ဆင်ပြီးတော့ လုပ်မယ်ဆိုရင်ကောင်းပါတယ်။ အပြီးဖျက်တယ်လို့တော့ မထင်ပါဘူး။ နောက်ထပ် လုပ်မယ်ဆိုရင် စနစ်တကျလုပ်ဖို့ အချိန်ယူဖို့ဆိုတာလဲ ဖြစ်နိုင်ပါတယ်”ဟု ကျောက်တံတားမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာကဆိုသည်။

Manual စနစ်ဖြင့် စာရွက်ဖြတ်ပိုင်းဆုတ်ကာ ကောက်ခံမှုရပ်ဆိုင်းလိုက်သည့် အစီအစဉ်တွင် ရန်ကုန်မြို့တွင်း မြို့နယ်ဖြစ်သည့် ပုဇွန်တောင်၊ ဗိုလ်တစ်ထောင်၊ ကျောက်တံတား၊ ပဲပန်းတန်း၊ လသာနှင့် လမ်းမတော် ခြောက်မြို့နယ်အတွင်း မော်တော်ယာဉ်ရပ်နားခ တစ်နာရီကို နှစ်ရာကျပ်နှုန်းဖြင့် နံနက် ၈ နာရီ ညနေ ၆ နာရီအထိ ကောက်ခံသွားမည်ဖြစ်ကြောင်းနှင့် သတ်မှတ်ထားသည့်အချိန်၏ ပြင်အချိန်များကို လတ်လလော အခြေအနေတွင် အခမဲ့ရပ်နားခွင့်ပြုမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက ကြေညာခဲ့သည်။

ရန်ကုန်မြို့ရှိ လူစည်ကားရာ လမ်းဘေးကားပါကင်နေရာများတွင် ရပ်နားသော မော်တော်ယာဉ်များကို ယာဉ်တစ်ဦးလျှင် ကျပ် ၂၀၀ မှ ကျပ် ၅၀၀ အထိ ငွေကြေးကောက်ခံခြင်းများ ရှိနေပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် မည်သည့်ပုဂ္ဂလိကလုပ်ငန်းကိုမျှ ကားပါကင်ရပ်နားကောက်ခံခွင့် မပြုထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

ယခုလက်ရှိ အထပ်မြင့်ကားပါကင် တည်ဆောက်ထားသည့်နေရာများနှင့် အဆင့်မြင့်ရုပ်ရှင်ရုံတို့တွင် ကားပါကင် ကောက်ခံခွင့် တရားဝင်ခွင့်ပြုထားပြီး ရန်ကုန်မြို့တွင်း မြို့နယ်များနှင့် အခြားသောနေရာများကို ကောက်ခံမှုရပ်ဆိုင်းထားသည်မှာ ၃ နှစ်ကျော်ရှိပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

J-10