News

POST TYPE

CRIME & ACCIDENT

ဗိုလ်တထောင်၊ ဒဂုံဆိပ်ကမ်းနှင့် လှိုင်သာယာမြို့နယ်များတွင် ဓားထိုးမှုများဖြစ်
15-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၁၄

ဗိုလ်တထောင်မြို့နယ်၊  (၆) ရပ်ကွက်၊ ကမ်းနားလမ်းရှိ ဘီယာဆိုင်တစ်ဆိုင်ရှေ့တွင် အောက်တိုဘာလ ၁၃ ရက် ည ၁၀ နာရီခန့်က ယင်းဆိုင်မှ လက်ထောက်မန်နေဂျာ အမျိုးသားကိုဆိုင်သို့ လာရောက်သည့် အမည်မသိ အမျိုးသားသုံးဦးက ဓားဖြင့်ထိုး၊ သံတုတ်ဖြင့်ရိုက် လက်သီးဖြင့်ထိုးကြိတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

“ရန်ပြုတိုက်ခိုက်ခဲ့သူတွေက သာကေတဘက်က လူတွေလို့ စုံစမ်းသိရှိရတယ်။ ဘီယာဆိုင်က လက်ထောက်မန်နေဂျာက ဓားနဲ့ထိုးခံရချိန်မှာ လက်နဲ့ကာပြီး ပြန်လည်ခုခံ သတ်ပုတ်ခဲ့တာကြောင့် ဒဏ်ရာအနည်းငယ်ပဲရခဲ့တယ်။ အမှုဖွင့်ထားသူတွေကို ဖမ်းဆီးစစ်ဆေးအရေးယူနိုင်ဖို့ စုံစမ်းဆောင်ရွက်နေပါတယ်” ဟု ရဲအရာရှိက ပြောသည်။

အလားတူ ယင်းည ၁၀ နာရီခွဲက ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၆၀) ရပ်ကွက်၊ ကြံ့ခိုင်ရေးလမ်းပေါ်တွင် စကားရပ်ပြောနေသည့် အမျိုးသားနှစ်ဦးထံသို့ ယင်းလမ်းတွင် နေထိုင်သည့် စိန်မြင့် (စုံစမ်းဆဲ) ဆိုသူက အရက်မူး၍ ရောက်ရှိလာပြီး “မင်းတို့ ဘာကောင်တွေလဲ လူမိုက်တွေလား” ဟု ပြောဆိုပြီးနောက် အသင့်ယူဆောင်လာသည့် ဓားဖြင့်ထိုးခဲ့သောကြောင့် အသက် ၄၄ နှစ် အမျိုးသားတစ်ဦး၏ ရင်ဘတ်၊ ခါးနှင့် တင်ပါးဆုံတို့တွင် ထိုးသွင်းဒဏ်ရာများ ရခဲ့ပြီး စံပြဆေးရုံသို့ အတွင်းလူနာ (စိုးရိမ်ရ) အဖြစ် တင်ပို့ထားရသောကြောင့် ဓားဖြင့်ထိုးသူ စိန်မြင့် (စုံစမ်းဆဲ) ကို ဖမ်းဆီးအရေးယူနိုင်ရန် စုံစမ်းဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

လှိုင်သာယာမြို့နယ်၊ (၁) ရပ်ကွက်၊ ကနောင်လမ်းထိပ်ရှိ ဈေးပွဲတော်တွင် အသက် ၁၉ နှစ်အရွယ် အမျိုးသား တစ်ဦးမှာ ဓားဖြင့်ထိုးခံရသောကြောင့် အောက်တိုဘာလ ၁၃ ရက်နေ့က ပြစ်မှုကျူးလွန်သူကို စုံစမ်းဖော်ထုတ်အရေးယူပေးပါရန် အမှုဖွင့်တိုင်ကြားထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဓားဖြင့်ထိုးခံရသူ အမျိုးသားမှာ အောက်တိုဘာလ ၁၁ ရက် ညပိုင်းက ဈေးပွဲတော်လှည့်ပတ်ကြည့်ရှုနေသော ၎င်း၏ ဇနီးဖြစ်သူကို အမည်မသိ အမျိုးသားတစ်ဦးက လက်ကိုင်ဖုန်းဖြင့် ဓာတ်ပုံရိုက်ယူရန် ပြုလုပ်နေသောကြောင့် နှစ်ဖက်စကားများ ရန်ဖြစ်ရာမှ ဈေးပွဲတော်မှအပြန် အဆိုပါအမည်မသိအမျိုးသားတစ်ဦးက ၎င်းကို နောက်မှသိုင်းဖက်ပြီး ဓားဖြင့်ထိုးခဲ့သောကြောင့် လည်ပင်းပြတ်ရှဒဏ်ရာနှင့် ရင်ဝထိုးသွင်းဒဏ်ရာများရခဲ့ကြောင်း၊ ယင်းအမှုကို လှိုင်သာယာမြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03