News

POST TYPE

CRIME & ACCIDENT

ဆေးဆိုင်ထဲဝင် အနုကြမ်းစီးသူကို ရပ်ကွက်နေသူများက ဝိုင်းဖမ်း
07-Oct-2018
ရန်ကုန်၊ အောက်တိုဘာ ၆

ဒဂုံအရှေ့ မြို့နယ်၊ (၇) ရပ်ကွက်၊ တပင်ရွှေထီးလမ်းတွင် အောက်တိုဘာလ ၅ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်က ဆေးဆိုင်ထဲဝင် အနုကြမ်းစီးသည့် အသက် ၃၀ နှစ် အမျိုးသားတစ်ဦးကို ရပ်ကွက်နေသူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖမ်းမိသူ အမျိုးသားမှာ ယင်းနေ့က တပင်ရွှေထီးလမ်းဘေးတွင် ဖွင့်လှစ်ထားသော အိမ်သုံးဆေးဆိုင်သို့ စက်ဘီးဖြင့် ရောက်ရှိလာပြီး ဆေးဝယ်မည်ဟု ပြောဆိုကာ ဆိုင်အတွင်း ဝင်ကြည့်ပြီးနောက် အသက် ၃၃ နှစ် ဆိုင်ရှင် အမျိုးသမီးကို ၎င်းတွင် ပိုက်ဆံမပါလာသောကြောင့် နောက်မှ လာဝယ်မည်ဟု ပြောဆိုပြီး ပြန်ထွက်သွားခဲ့သည်။ ယင်းနောက် မိနစ် ၂၀ ခန့်အကြာတွင် ယင်းအမျိုးသားက ဆေးဆိုင်သို့ ပြန်လည်ရောက်ရှိလာပြီး ဆိုင်အတွင်းဝင်၍ ဆိုင်ရှင်အမျိုးသမီး၏ လည်ပင်းကို ညှစ်ပြီး ဝတ်ဆင်ထားသည့် ရွှေဆွဲကြိုးကို လုယူနေစဉ် ဆိုင်အနီးပတ်ဝန်းကျင်ရှိသူများက ရောက်ရှိလာပြီး အနုကြမ်းစီးနေသည့် အမျိုးသားကို ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။ 

“လုယက်သူက ဆိုင်ရှင် အမျိုးသမီးကို အော်ရင်သတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြီး လည်ပင်းညှစ်ထားချိန် ဆိုင်ဘေးနားမှာရှိတဲ့ အမျိုးသားနှစ်ယောက်က မြင်သွားတယ်။ ဆိုင်ထဲမှာ လုနေတယ် လုနေတယ်လို့ အော်ဟစ်အကူအညီတောင်းပြီး လုယက်မှုကျူးလွန်သူကို ရပ်ကွက်နေသူတွေက ဝိုင်းဖမ်းဆီးခဲ့တာပါ”ဟု ရဲအရာရှိက ပြောသည်။ 

ဆိုင်ထဲဝင် အနုကြမ်းစီးခဲ့သူ သက်ဦးမှာ ယင်းမြို့နယ်ရှိ (၁၁၈) ရပ်ကွက်၊ သံချပ်ဝန်ဦးမြူလမ်းတွင် နေထိုင်သူဖြစ်ပြီး ၎င်းကို ဒဂုံအရှေ့ မြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၉၄/၄၅၂/၃၅၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03