News

POST TYPE

CRIME & ACCIDENT

လျှပ်စစ်မီးရရေး အစည်းအဝေးသွားနေစဉ် အိမ်မီးလောင်
17-Sep-2018

မိတ္ထီလာ၊ စက်တင်ဘာ ၁၆

မိတ္ထီလာခရိုင် မလှိုင်မြို့နယ် ခုနစ်ချက်ကျေးရွာမှ အသက် ၇၀ ကျော်အရွယ် အမျိုးသားတစ်ဦးသည် စက်တင်ဘာလ ၁၅ ရက်ညနေပိုင်းက မီးဖိုတဲတွင် ထမင်းအိုးတည်ခဲ့ပြီး ဓမ္မာရုံ၌ကျင်းပသည့် လျှပ်စစ်မီးရရှိရေး အစည်းအဝေးသွားနေစဉ် မီးဖိုတဲနှင့် လူနေအိမ်တို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးနှင့် ရွာခံများထံမှ စုံစမ်းသိရှိရသည်။ 

ယင်းနေ့ညနေ ငါးနာရီခန့်အချိန်က ခုနစ်ချက်ကျေးရွာမှ ဦးသန်းထွန်း၏ နေအိမ်ခြံဝင်းအတွင်းရှိ မီးဖိုတဲမှတစ်ဆင့် သွပ်မိုးထရံကာ နေအိမ်နှစ်လုံးကိုပါ ကူးစက်လောင် ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ မလှိုင်မြို့နယ် မီးသတ်တပ်ဖွဲ့နှင့် ဒေသခံကျေးရွာသား ၅၀ ဦးတို့က ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သဖြင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိခဲ့ကြောင်း မလှိုင်မြို့နယ်မီးသတ်တပ်ဖွဲ့၏ မီးလောင်မှုမှတ်တမ်းအရ သိရသည်။ 

အဆိုပါ မီးလောင်မှုနှင့်ပတ်သက်၍ အသက် ၇၁ နှစ်အရွယ်ရှိ ဦးသန်းထွန်းကို မလှိုင်မြို့မရဲစခန်းက (ပ) ၁၈၆/၂၀၁၈ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားသည်။ 

R-01/R-24