News

POST TYPE

CRIME & ACCIDENT

မန္တလေး တံခွန်တိုင်ဈေးအပါအဝင် ဈေးငါးခု အဆင့်မြှင့်မည်
09-Sep-2018
မန္တလေး၊ စက်တင်ဘာ ၈

မန္တလေးမြို့တော်တွင်ရှိသော ဈေး ၄၅ ခုအနက်မှ တံခွန်တိုင်ဈေးအပါအဝင် ဈေးငါးခုကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း အဆင့်မြှင့်မည်ဖြစ်ကြောင်း မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောကြားသည်။

အဆိုပါဈေးငါးခုကို လူနေမှုအဆင့်အတန်းနှင့်ကိုက်ညီပြီး သန့်ရှင်းသပ်ရပ်မှုရှိသည့် ဈေးများဖြစ်စေရန် အဆင့်မြှင့်တင်ရခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

မန္တလေးမြို့တော်တွင် လက်လီလက်ကား ရောင်းချနေသော ဈေး ၄၅ ခုရှိရာ အဆိုပါဈေးများအနက် အချို့သည် ညစ်ပတ်ခြင်း၊ အမှိုက်များရှိနေခြင်း၊ အဝင်အထွက် လမ်းမကောင်းခြင်း၊ ဆိုင်ရှင်များအနေနှင့် လမ်းပေါ်ကျူးကျော် ဖွင့်လှစ်ခြင်း၊ ဈေးအဆောက်အအုံများသည် ဆေးရောင်မှိန်ခြင်း၊ ဈေးဆိုင်ခန်းအချို့ကို ဂိုဒေါင်အဖြစ် အသုံးပြုနေခြင်းတို့ကြောင့် သန့်ရှင်းသပ်ရပ်စေရေးအတွက် အဆင့်မြှင့်တင်ရန် မြို့တော်စည်ပင်က စီစဉ်ရခြင်းဖြစ်သည်။ 

ယခုအဆင့်မြှင့်တင်မည့်ဈေးများမှာ အောင်မြေသာစံမြို့နယ်ရှိ ဆရာစံဈေး၊ ချမ်းအေးသာစံမြို့နယ်ရှိ ရန်ကြီးအောင်ဈေး၊ မဟာအောင်မြေမြို့နယ်ရှိ မန်းမြို့ဈေး၊ ချမ်းမြသာစည်မြို့နယ်ရှိ ကန်သာယာဈေးနှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ တံခွန်တိုင်ဈေးတို့ဖြစ်သည်။

“ဈေးတွေမှာ ကြော်ငြာတွေကို ဖြစ်သလိုကပ်တာ၊ အမိုးတွေကလည်း လန်ချင်သလိုလန်၊ ယိုချင်သလိုယိုနေတာတွေက မြင်မကောင်းဘူး။ ဒါတွေကို ပြင်မယ်ဆိုရင် သိပ်ကုန်ကျစရိတ်မများပါဘူး။ မလုပ်ဖြစ်လို့သာ ဒီလိုဖြစ်နေတာ”ဟု ဦးကျော်ဆန်းမြင့်က ထပ်မံပြောဆိုသည်။

ဘဏ္ဍာငွေသုံး၍ ပြင်ဆင်ရမည့် ဈေးသန့်စင်ခန်းများကို အောက်တိုဘာလတွင် စတင်မည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် လုပ်ဆောင်မည်ဖြစ်ကာ ဘဏ္ဍာငွေ သုံးရန်မလိုသည့်ကိစ္စများ (ဥပမာ-ကျူးကျော်ဖွင့်ထားသည့် ဆိုင်များကို ရှင်းလင်းခြင်း) ကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်ထံမှ သိရသည်။

ဈေးအတွင်း ရေမဝပ်စေရန်၊ ဈေးအနီးရှိ မြောင်းအတွင်း ရေစီးဆင်းစေရန်၊ ဆိုင်ခန်းများတွင် အမှိုက်ပုံးထားရှိရန်၊ ဈေးများတွင် စည်ပင်အမှိုက်ကန်ထားရှိပြီး စနစ်တကျ သိမ်းဆည်းမည်ဖြစ်ကြောင်း မြို့တော်စည်ပင် သန့်ရှင်းရေးဌာနထံမှလည်း သိရသည်။ 

M-07



  • VIA