News

POST TYPE

CRIME & ACCIDENT

တောင်တွင်းကြီးတွင် လောက်လေးခွကိုင်ဆောင်သူနှစ်ဦး ဖမ်းဆီးခံရ
06-Sep-2018

မကွေး၊ စက်တင်ဘာ ၅

မကွေးခရိုင် တောင်တွင်းကြီးမြို့တွင် စက်တင်ဘာလ ၄ ရက်နေ့က ဆိုင်ကယ်စီးလာသူ အမျိုးသားနှစ်ဦးထံမှ လောက်လေးခွနှင့် လောက်စာလုံးများ ဖမ်းဆီးရမိခဲ့ကြောင်း မကွေးတိုင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

မကွေးမြို့နှင့် တောင်တွင်းကြီးမြို့တို့တွင် မှုခင်းကျဆင်းရေးအတွက် လင်းယုန်စစ်ဆင်ရေးစီမံချက်ကို ရဲတပ်ဖွဲ့ဝင်များအပါအဝင် အင်အား ၂၀၀ ကျော် ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၄ ရက် နေ့ မွန်းလွဲ ၂ နာရီခွဲခန့်က တောင်တွင်းကြီး - မကွေးကားလမ်း တောင်တွင်းကြီးမြို့အဝင် ပိတ်ဆို့ရှာဖွေခဲ့ရာ တောင်တွင်းကြီး မြို့နယ်၊ ကံလှကန် ကျေးရွာနေ သိန်းထိုက်ဇော်၊ မောင်းနှင်လာသော ဆိုင်ကယ် တူးဘောက်အတွင်းမှ ဘေးအန္တရာယ်ဖြစ်စေနိုင်သော လေးခွတစ်လက်နှင့် လောက်စာလုံး ၁၀ လုံးတို့ အား တွေ့ရှိရပြီး ပုဂံကုန်းကျေးရွာနေ ဖိုးထောင် အသက်(၄၃)နှစ်၊ (ဘ) ဦးကျော်မြင့် မောင်းနှင်လာသော ဆိုင်ကယ် တူးဘောက်အတွင်းမှ ဘေးအန္တရာယ်ဖြစ်စေနိုင်သော လေးခွတစ်လက်နှင့် လောက်စာလုံးရှစ်လုံးတို့အားလည်းကောင်း တွေ့ရှိခဲ့သဖြင့် ရဲအက်ဥပဒေ ပုဒ်မ ၃၅ (က) အရအမှုဖွင့်ထားကြောင်း မကွေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

“ဖြစ်လာနိုင်တဲ့ မှုခင်းတွေကို ကြိုတင်ကာကွယ်တာ၊ ပြည်သူတွေ ချွေးနှဲစာနဲ့ ရှာထားတဲ့ လက်ဝတ်ရတနာ တွေလုခံရမယ်ဆိုရင် ဆုံးရှုံးမှုတွေက များပါတယ်” ဟု အဆိုပါခရိုင်တပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

R-23