News

POST TYPE

CRIME & ACCIDENT

ပါရမီ ကားဝင်းရှေ့ရှိ စတိုးဆိုင်ကို အနုကြမ်းဝင်စီးသူ သုံးဦးမှ တစ်ဦး ဖမ်းမိ
04-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၃

တောင်ဥက္ကလာပမြို့နယ်၊ ပါရမီလမ်းရှိ ပါရမီကားဝင်းရှေ့တွင် ၂၄ နာရီ ဖွင့်လှစ်ရောင်းချနေသော One Stop Mart စတိုးဆိုင်အတွင်း အနုကြမ်းဝင်စီး၍ ငွေများ လုယူခဲ့သည့် အမျိုးသားသုံးဦးမှ အသက် ၂၀ နှစ်ရှိ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

အနုကြမ်းစီးခံရသည့် စတိုးဆိုင်သို့ စက်တင်ဘာလ ၃ ရက် နံနက် ၁ နာရီဝန်း ကျင်က အမျိုးသားသုံးဦး ရောက်ရှိလာပြီး ဆိုင်အတွင်းရှိ အရောင်းဝန်ထမ်းနှစ်ဦးကို ဓားထုတ်ပြ၍ ကောင်တာအတွင်းရှိ ကျပ် ခုနစ်သိန်းခုနစ်သောင်းကျော်ကို လုယူထွက်ပြေးသွားကြောင်း အမှုဖွင့်တိုင်ချက်အရ သိရသည်။

“ကြက်သွန်လှီးတဲ့ဓား ထုတ်ပြပြီး အော်ရင်သတ်ပစ်မယ်လို့ လုယက်တဲ့အဖွဲ့ထဲက တစ်ယောက်ကပြောပြီး ကျန်တစ်ယောက်က ငါတို့ အရက်သောက်ချင်လို့ ပိုက်ဆံထုတ်ပေးဆိုပြီး ကောင်တာထဲက ငွေတွေ ယူသွားတယ်။ ဆိုင်ဝန်ထမ်းတွေဆီက လုယက်သူတွေရဲ့ ပုံပန်းသဏ္ဌာန်ကို သိရှိရလို့ အမှုနဲ့ပတ်သက်ပြီး မသင်္ကာတဲ့ အမျိုးသားတစ်ယောက်ကို အချိန်တိုအတွင်းမှာ ဖမ်းဆီးနိုင်ခဲ့တယ်”ဟု ရဲအရာရှိက ရှင်းပြသည်။ 

One Stop Mart ဆိုင်မှ ငွေများ လုယူထွက်ပြေးခဲ့သည့် အမျိုးသားသုံးဦးတွင် ပါဝင်ခဲ့သော အသက် ၂၀ နှစ် ဖိုးလပြည့် (ခ) ချီးပုကို ယင်းနေ့ နံနက် ၄ နာရီခန့်က ပါရမီလမ်းနှင့် ဝေဇယန္တာလမ်းထောင့်ရှိ မီးပွိုင့်အနီးတွင် ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးခဲ့ရာ ၎င်းတို့အဖွဲ့မှ လုယက်မှုကျူးလွန်ခဲ့ပြီးနောက် အငှားယာဉ်တစ်စီးဖြင့် အလုံမြို့နယ် Sky Way KTV သို့ သွားရောက်ပြီး သောက်စားပျော်ပါးခဲ့ကြောင်း၊ ယင်းနောက် တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ တကောင်းလမ်းရှိ ၎င်းနေအိမ်သို့ အပြန်လမ်းတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

“လုယူသွားတဲ့ ပိုက်ဆံ ခုနစ်သိန်းကျော်ထဲကနေ ဖမ်းမိသူက ဝေစု တစ်သိန်းကျပ် ရခဲ့တယ်။ ရတဲ့ဝေစုထဲကနေ KTV ဆိုင်မှာ ကျသင့်ငွေ ငါးသောင်းကျော်ကို ရှင်းခဲ့တာကြောင့် သူ့ (ဖိုးလပြည့်) ဆီကနေ လေးသောင်းကျော်ပဲ သိမ်းဆည်းရမိခဲ့တယ်။ လွတ်နေတဲ့ နှစ်ယောက်ထဲက တစ်ယောက်က တောင်ဥက္ကလာ (၅) ရပ်ကွက်မှာနေတယ်။ ကျန်တစ်ယောက်က မြောက်ဥက္ကလာ အဝိုင်းနားမှာ နေတယ်လို့ သိရပြီး ဖမ်းဆီးအရေးယူနိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်ဆောင်ရွက်နေပါတယ်”ဟု ရဲအရာရှိက ပြောသည်။

အဆိုပါ အမှုမှ လွတ်မြောက်နေသူနှစ်ဦးမှာ ကျော်မင်းထွန်းနှင့် တရုတ်လေးတို့ဖြစ်ပြီး ဖမ်းဆီးရမိထားသူ ဖိုးလပြည့် (ခ) ချီးပုကို ၎င်းတို့အဖွဲ့ အခြားပြစ်မှု ကျူးလွန်ထားမှုများ ရှိမရှိ တိုက်ဆိုင်စစ်ဆေးနေပြီး One Stop Mart ဆိုင်ထဲ အနုကြမ်းဝင်စီးမှုနှင့် ပတ်သက်၍ တောင်ဥက္ကလာပမြို့မ ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၈၆/၁၁၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

S-03


  • VIA