News

POST TYPE

CRIME & ACCIDENT

ဂျာမနီတွင် ရွှေ့ပြောင်းအခြေချသူများ ဆန့်ကျင်ရေး ဆန္ဒပြမှု အရှိန်မြင့်တက်၊ လက်ယာစွန်းအင်အားစုများထဲသို့ အမျိုးသမီးများလည်း ဝင်ရောက်ပူးပေါင်းဟု စစ်တမ်းတွေ့ရှိ
31-Aug-2018


ဘာလင်၊ ဩဂုတ် ၃၀ 

ဂျာမနီနိုင်ငံ အရှေ့ပိုင်းချမ်းမနစ်ဇ် မြို့တွင် ဂျာမန်တစ်ဦးအသတ်ခံရပြီးနောက် သီတင်းပတ် တစ်ပတ်နီးပါးတာရက်ပိုင်းအတွင်း ဂျာမန်လက်ယာစွန်းအင်အားစုများ၏ ဆန္ဒပြမှုများ အရှိန်မြင့်တက်လျက်ရှိကြောင်းနှင့် ယခင်ကလက်ယာစွန်း ဆန္ဒပြသူများတွင် အမျိုးသားများသာ ဦးဆောင်လေ့ရှိခဲ့သော်လည်း ယခုအခါ ဂျာမန်အမျိုးသမီးများပါ ပူးပေါင်းပါဝင်မှု မြင့်တက်လာသည်ကို တွေ့ရကြောင်း DW အပါအဝင် အနောက်မီဒီယာများက ရေးသားဖော်ပြသည်။ 

ချမ်းမနက်ဇ်မြို့တွင် မကြာသေးခင်က အသက် ၃၀ ကျော်အရွယ် လက်သမားဆရာတစ်ဦးအား ရက်စက်စွာဓားဖြင့် ထိုးသတ်ခံရမှု ပေါ်ပေါက်ပြီးနောက် ဆီးရီးယားနှင့် အီရတ်လူမျိုးရွှေ့ပြောင်း အခြေချသူနှစ်ဦးကို ပြစ်မှုကျူးလွန်သူများအဖြစ် ရဲတပ်ဖွဲ့က သံသယရှိသဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ 

အဆိုပါ ဂျာမန်လက်သမားမှာ မည်သည့်ပြဿနာကြောင့် ဓားထိုးခံခဲ့ရသည်ကို အတိအကျမသိရသေးသော်လည်း ၎င်းသည်အမျိုးသမီးတစ်ဦး လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်ခံရမှုမဖြစ်အောင် ကာကွယ်ပေးနေစဉ် ဓားထိုးခံခဲ့ရခြင်းဖြစ်သည်ဟူသော သတင်းများ ချမ်းမနစ်ဇ်မြို့တွင် ထွက်ပေါ်လျက်ရှိသည်။ သို့သော် ယင်းသတင်းသည် ကောလာဟလများသာဖြစ်သည်ဟု ဂျာမန်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ 

ပထမပိုင်းတွင် အဆိုပါဖြစ်ရပ်ကို မကျေနပ်သူ လက်ယာစွန်းအင်အားစု ရာဂဏန်းခန့်က ချမ်းမနစ်ဇ်မြို့တွင် ချီဆက်ဆန္ဒပြခဲ့ကြသော်လည်း ဩဂုတ်လ ၃၀ ရက်နေ့တွင်မူ လက်ယာစွန်းအင်အားစု ထောင်ပေါင်းများစွာရှိလာကြောင်း သတင်းများက ဆိုသည်။ လက်ယာစွန်းဆန္ဒပြသူများက ချမ်းမနစ်ဇ်မြို့သည် ၎င်းတို့ပိုင်သောမြို့ဖြစ်ပြီး နိုင်ငံခြားသားများ (ရွှေ့ပြောင်းအခြေချသူများ) အတွက် မဟုတ်ကြောင်း အော်ဟစ်ကာ ဆန္ဒထုတ်ဖော် ကြသည်။ 

ထိုသို့ ဆန္ဒပြအုံကြွမှုများဖြစ်ပေါ်နေစဉ် ရွှေ့ပြောင်းအခြေချသူအချို့ကို လက်ယာစွန်းဝါဒီတို့က ထိုးကြိတ်တိုက်ခိုက်မှုများလည်း ပေါ်ပေါက်ခဲ့သည်။ ယင်းဖြစ်ရပ်များနှင့်ပတ်သက်၍ ဂျာမနီ အဓိပတိ မာကယ်လ်က မည်သို့မျှလက်သင့်ခံနိုင်စရာအကြောင်းမရှိဟု ပြစ်တင်ဝေဖန်သည်။ 

ပြီးခဲ့သည့် ရက်ပိုင်းတွင်မူ ရွှေ့ပြောင်းအခြေချသူများ ဆန့်ကျင်သည့် ဆန္ဒပြအင်အားစုများနှင့် တန်ပြန်ဆန္ဒပြအင်အားစုများ အပြန်အလှန်ဆန္ဒပြခဲ့ကြရာ ပဋိပက္ခများ ပေါ်ပေါက်ခဲ့သည်။ 

ရဲတပ်ဖွဲ့က ဓားထိုးမှုနှင့်ပတ်သက်၍ ဆီးရီးယားနွယ်ဖွားတစ်ဦးနှင့် အီရတ်နွယ်ဖွားတစ်ဦးတို့ကို ဖမ်းဆီးထိန်းသိမ်းထားသည့် သတင်းပေါက်ကြားသွားသည့် ကိစ္စနှင့်ပတ်သက်၍ စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။ 

ထိုသို့ အီရတ်နှင့် ဆီးရီးယားလူမျိုးတို့ကို ဖမ်းဆီးထိန်းသိမ်းထားသည်ဟူသော သတင်းကြောင့် ရွှေ့ပြောင်းအခြေချသူများအပေါ် ရန်ငြိုးသို တိုက်ခိုက်မှုများပိုမိုပေါ် ပေါက်လာမည်ကိုလည်း ဂျာမန်အာဏာပိုင်များ အထူးစိုးရိမ်လျက်ရှိသည်။ 

DW သတင်းဌာနက သုတေသန စစ်တမ်းတစ်ရပ်ကို ကိုးကားဖော်ပြရာတွင် ယခင်က လက်ယာစွန်းဝါဒီဟူသည်မှာ အမျက်ဒေါသထွက်နေသော လူဖြူအမျိုးသားများဟု ယေဘုယျသတ်မှတ်ခဲ့ကြသော်လည်း ယခုအခါတွင်မူ အမျိုးသမီးများပါ ပူးပေါင်းပါဝင်လာသည်ကို တွေ့ရသည်ဟု ဆိုသည်။ အမျိုးသမီးများသည် တစ်ခါတရံတွင်မူ အမျိုးသားများထက်ပင်ပို၍ အစွန်းရောက်သည့် သဘောတွင်ရှိကြောင်း စစ်တမ်းက ဆိုသည်။ 

ဂျာမန်ဖောင်ဒေးရှင်းတစ်ခုဖြစ်သော Friedrich Ebert Foundation (FES) က ပြုလုပ်သည့် အဆိုပါစစ်တမ်းတွင် ဂျာမနီ၊ ပြင်သစ်၊ ဂရိ၊ ပိုလန်၊ ဆွီဒင်နှင့် ဟန်ဂေရီ စသည့်နိုင်ငံများတွင် လက်ယာစွန်းနိုင်ငံရေးပါတီများနှင့် အင်အားစုများထဲသို့ အမျိုးသမီးများ ပူးပေါင်းပါဝင်မှု မြင့်တက်လာသည်ကို တွေ့ရကြောင်းဖော်ပြသည်။ 

F-01


  • VIA