News

POST TYPE

CRIME & ACCIDENT

အိမ်အကူ မခင်မာမြင့်၏ မုဒိမ်းမှုဖြင့် တရားစွဲဆိုခံရသူ အောင်နိုင်ထွန်းကို အမှုမှ လွှတ်
ရန်ကုန်၊ သြဂုတ် ၃၁

ပဲခူးမြို့နယ် တရားရုံးတွင် အိမ်အကူ မခင်မာမြင့်က တရားလိုပြု၍ မုဒိမ်းမှုဖြင့် တရားစွဲဆိုထားသူ အောင်နိုင်ထွန်း၏ အမှုကို သြဂုတ်လ ၃၁ ရက် ယနေ့ မွန်းလွဲ ၁ နာရီက ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၂၅၃ (၁) အရ စွဲချက်မတင်မီ တရားရှင်လွှတ်ရန် မြို့နယ်တရားသူကြီးက အမိန့်ချမှတ်လိုက်သည်။

“တရားလို မခင်မာမြင့်ရဲ့ လိုပြသက်တွေရဲ့ ထွက်ဆိုချက်မှာ ကွဲလွဲမှုတွေ ရှိခဲ့တယ်။ မှုခင်းဆရာဝန်ရဲ့ ဆေးစာနဲ့ ဓာတုဗေဒဝန်ရုံးက ပြန်စာအရဆို အခင်းဖြစ်ချိန်ပိုင်းမှာ မုဒိမ်းမှုကျူးလွန်ခဲ့ကြောင်း စစ်ဆေးမပေါ်ပေါက်ခဲ့ဘူး။ ဒါကြောင့် တရားစွဲဆိုခံရသူ အောင်နိုင်ထွန်းကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၂၅၃ (၁) အရ စွဲချက်မတင်မီ တရားရှင်လွှတ်ရန် အမိန့်ချမှတ်လိုက်သည်”ဟု ပဲခူးမြို့နယ် တရားသူကြီး ဦးစိုးမင်းက ပြောသည်။

အဆိုပါ အမှုမှ မုဒိမ်းမှုဖြင့် တရားလိုပြု တိုင်ကြားခဲ့သူ မခင်မာမြင့်မှာ သီဟတင်စိုးကို မုဒိမ်းမှုကျူးလွန်ခဲ့ကြောင်း သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ နယ်မြေရဲစခန်းတွင် လီဆယ်အမှုဖွင့် တိုင်ကြားချက်ကြောင့် ရာဇသတ်ကြီး ပုဒ်မ ၂၁၁ ဖြင့် ၎င်းကို ရဲတပ်ဖွဲ့က တရားစွဲဆိုထားပြီး အိမ်အကူ မခင်မာမြင့်၊ ပွဲစား ဒေါ်ညိုနှင့် ထွန်းတောက် အကျိုးဆောင်လုပ်ငန်းပိုင်ရှင် ဒေါ်မြင့်တို့ သုံးဦးကိုလည်း အကယ်ဒမီ ဇင်မာဦးက တရားလိုပြု၍ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးတွင် ရာဇသတ်ကြီး ပုဒ်မ ၃၈၉/၁၁၄ ဖြင့် ထပ်မံ တရားစွဲဆိုထားသည်။

ပဲခူး အကျဉ်းထောင်တွင် ယခုနှစ် မတ်လကတည်းက ထိန်းသိမ်းခံရသူ အသက် ၂၈ နှစ် အောင်နိုင်ထွန်းမှာ ယနေ့တရားသူကြီး၏ အမိန့်ချမှတ်သည့်အပေါ် ကျေနပ်အားရကြောင်း မီဒီယာများကို ပြောခဲ့သည်။

ယင်းအမှုတွင် တရားလို မခင်မာမြင့် (ခ) ခင်မာညို အပါအဝင် လိုပြသက်သေ ၁၄ ဦးအနက် ၉ ဦးသာ စစ်ဆေးနိုင်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် လိုပြသက်သေ ဦးဌေးဝင်းမှာ အောင်နိုင်ထွန်းကို မုဒိမ်းမှုဖြင့် တရားမစွဲဆိုခင် အချိန်က ပဲခူးမြို့သို့ လာရောက်ခဲ့သော ခြောက်လှန့်ငွေတောင်းယူသည့် အဖွဲ့တွင် ပါဝင်ခဲ့သူဖြစ်ကြောင်း အောင်နိုင်ထွန်း၏ အလုပ်ရှင်ထံမှ သိရှိရပြီး တာမွေမြို့နယ် ကျိုက္ကဆံလမ်းနှင့် ၁၅၃ လမ်းထိပ်ရှိ သုံးလွှာတိုက်ခန်းတစ်ခန်းတွင် ဖွင့်လှစ်ထားသော ထွန်းတောက် အကျိုးဆောင်လုပ်ငန်းမှာ လုပ်ငန်းလိုင်စင် လျှောက်ထားမှုမရှိကြောင်း ယင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် စည်ပင်သာယာဌာနထံမှ စုံစမ်းသိရှိရသည်။

S-03