POST TYPE

CRIME & ACCIDENT

ကျောက်ဆည်တွင် နည်းပညာကျောင်းသားတစ်ဦး ဓားထိုးခံရ၍ သေဆုံး
မန္တလေး၊ ဩဂုတ် ၃၀

ကျောက်ဆည်နည်းပညာတက္ကသိုလ်မှ နောက်ဆုံးနှစ်ကျောင်းသားတစ်ဦး ဩဂုတ်လ ၂၉ ရက်နေ့ညက ဓားထိုးခံရပြီး သေဆုံးခဲ့ကြောင်း ယင်းကျောင်းသား၏ မိသားစုဝင်များက ပြောဆိုသည်။

ကျောက်ဆည်နည်းပညာတက္ကသိုလ်စက်မှု (Mechanical Power) အထူးပြု နောက်ဆုံးနှစ်ကျောင်းသား ကိုနေမင်းထက်သည် ယင်းနေ့ည ကိုးနာရီခန့်အချိန် သူငယ်ချင်းတစ်ဦးနှင့်အတူ ဆိုင်ကယ်စီးလာနေစဉ် အမျိုးသားသုံးဦး လိုက်ပါလာသည့် ဆိုင်ကယ်တစ်စီးပေါ်မှ လူများက ဓားနှင့်ထိုးခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသူ၏ မိသားစုဝင်တစ်ဦးဖြစ်သည့် ဦးတိုးဝေဖြိုးက ပြောကြားသည်။

“ဓားနဲ့ထိုးသွားတဲ့လူတွေက အရင်ကလည်း အမှုလေးခုအတွက် အမှုဖွင့်ခံထားရသူတွေလို့ သိရပါတယ်။ အဲဒီလိုလူတွေကို ရဲကမဖမ်းနိုင်သရွေ့တော့ နောက်ထပ် လူတွေထပ်ဆုံးရှုံးနေဦးမှာပါ”ဟု ၎င်းက ပြောဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျောက်ဆည်မြို့မရဲစခန်းမှူး ဒုရဲမှူးသန်းကျော်ဌေးက “ကျူးလွန်သူတွေကို စစ်ကြည့်တော့ ဆိုင်ကယ်ချင်းငြိခဲ့တာမှာ ကျူးလွန်တဲ့သူတွေစီးလာတဲ့ဆိုင်ကယ်က လဲမလိုဖြစ်သွားတာ။ အဲ့ဒါကို ဟိုဘက် (နေမင်းထက်) က ကောင်လေးတွေက အကျိုးအကြောင်းပြောပြီး တောင်းပန်တာမျိုးမရှိဘဲ ဆက်မောင်းသွားတော့ အဲဒီမှာ နောက်ကလိုက်ပြီးတော့ စကားများကြရင်းနဲ့ ထိုးကြကြိတ်ကြတာ”ဟု ပြောကြားသည်။

ကိုနေမင်းထက်တို့ သူငယ်ချင်းနှစ်ဦးသည် ဖုန်းလုခံရသည့်အပြင် လုယက်သူများက ဝိုင်းဝန်းထိုးကြိတ်ကာ အသင့်ပါလာသည့် ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်း ကျောက်ဆည်ဒေသခံများ၏ အဆိုအရလည်း သိရသည်။

“ဖုန်းလုတယ်ဆိုတာကလည်း ဒီလိုပါ။ သူတို့ရန်ဖြစ်ပြီးတော့ လှည့်ပြန်တဲ့အချိန် လမ်းပေါ်မှာ မှန်ကွဲနေတဲ့ ဖုန်းတစ်လုံးတွေ့တယ်။ နှစ်ဖက်လုံးမှာလည်း ဖုန်းအမည်းရောင်တစ်လုံးစီပါကြတယ်လို့ ပြောတယ်။ အဲ့ဒီမှာ သူ့ဖုန်းလိုလိုကိုယ့် ဖုန်းလိုလိုနဲ့ ကောက်ထည့်ခဲ့တာ။ အဲ့ဒီမှာ ဖုန်းလုခံရတယ်ဆိုပြီးတော့ဖြစ်တာ”ဟု ဒုရဲမှူးသန်းကျော်ဌေးက ဆက်လက်ရှင်းပြသည်။

လက်ရှိတွင် ကိုနေမင်းထက်ကို ဓားနှင့်ထိုးခဲ့သူများဖြစ်သည့် အလီဘိုင် (ခ) ဦးမင်းခန့်ကျော်၊ ဦးအောင်သူဟိန်းနှင့် ဦးမင်းချစ်အောင်တို့ကို ကျောက်ဆည် မြို့မရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးနေပြီး လူသတ်မှု ပုဒ်မ ၃၀၂၊ ပူးပေါင်းကြံစည်မှု ပုဒ်မ ၁၁၄ တို့ဖြင့် အမှုဖွင့်ထားသည်။

ဦးမင်းခန့်ကျော်သည် လူတစ်ဦးကို ပုလင်းကွဲဖြင့် ရိုက်နှက်ခဲ့ဖူးမှုကြောင့် နာကျင်စေမှုဖြင့် အမှုရင်ဆိုင်နေရပြီး ဦးမင်းချစ်အောင်သည်လည်း တရားမဝင် လက်နက်ကိုင်ဆောင်မှု ပုဒ်မ ၁၉ (င) ဖြင့် အမှုရင်ဆိုင်နေရသူဟု ရဲမှတ်တမ်းအရ သိရသည်။

M-04