News

POST TYPE

CRIME & ACCIDENT

ဆဲဆိုနောက်ပြောင်သည်ကို မကျေနပ်သဖြင့် ဓားမဖြင့်ခုတ်သတ်
29-Aug-2018

ရန်ကုန်၊ ဩဂုတ် ၂၉ 

တွံတေးမြို့နယ်၊ ကံဘဲ့ကျေးရွာ၊ ဈေးလမ်းဆုံတွင် ဩဂုတ်လ ၂၈ ရက် ည ၈ နာရီခန့်က ဆဲဆိုနောက်ပြောင်သည်ကို မကျေနပ်သဖြင့် ဓားဖြင့်လိုက်ခုတ်ရာ အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အသက် ၅၉ နှစ်အရွယ် အမျိုးသားတစ်ဦး ပြတ်ရှဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

“အရက်ဆိုင်ထဲမှာ စနောက်စကား ပြောရင်း ရန်ဖြစ်ကြတာ။ အဲဒါကို မကျေနပ်လို့ဆိုပြီး ဆိုင်အပြင်ဘက်ရောက်တော့ ဓားမနဲ့လိုက်ခုတ်တာပါ၊ တစ်ရွာတည်းသား အချင်းချင်းတွေပဲ၊ လူသတ်မှုကျူးလွန်တဲ့ သူကိုလည်း ည ၁၀ နာရီလောက်မှာ ဖမ်းမိခဲ့တယ်။ ဒီနေ့တော့ ချုပ်ရမန်ယူပြီး အင်းစိန်ထောင်ကို ပို့လိုက်ပါပြီ”ဟု ရဲအရာရှိတစ်ဦးက သုံးသပ်ပြောကြားသည်။

ဓားခုတ်မှုကျူးလွန်သည်ဟုဆိုသော အမျိုးသားမှာ အသက် ၃၅ နှစ်အရွယ် နေထွန်း (ခ) နေလင်းထွန်းဖြစ်ပြီး အရိုးအသွား ၂ ပေခန့်ရှိ ထင်းခုတ်ဓားမဖြင့် လိုက်ခုတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းကို တွံတေးမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၃၂၄ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

ဓားခုတ်ခံရမှုကြောင့် အသက် ၄၅ နှစ်အရွယ် ဦးသန်းဌေးမှာ ဦးခေါင်းနှင့် လည်ပင်းပြတ်ရှဒဏ်ရာဖြင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် တင်ပို့ကုသနေစဉ် ည ၁၀ နာရီအချိန်ခန့်၌ သေဆုံးသွားပြီး အသက် ၅၉ နှစ်အရွယ် ဦးခင်ဝင်းမှာ ညာလက်ဖျံပြတ်ရှ ဒဏ်ရာတစ်ချက်ဖြင့် တွံတေးမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာ (မစိုးရိမ်ရ) အဖြစ် တင်ပို့ကုသထားရကြောင်း အမှုဖွင့်တိုင်တန်းချက်အရ ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

J-16