News

POST TYPE

CRIME & ACCIDENT

အစိုးရဌာနဆိုင်ရာကားတွင် ကျပ်သိန်း ၁၃၀၀ တန်ဖိုးရှိ ဘိန်းဖြူများတွေ့
28-Aug-2018

ရန်ကုန်၊ ဩဂုတ် ၂၈

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးချုပ်မှ ဒုတိယအထွေထွေမန်နေဂျာတစ်ဦး စီးနင်းသော Honda Odyssey W/G အမျိုးအစား အနက်ရောင် မော်တော်ယာဉ်၏ ဆီတိုင်ကီထဲနှင့် တံခါးလေးချပ်ဖောင်းလိုင်းကြားမှ သိန်းပေါင်း ၁၃၀၀ (တစ်ထောင့်သုံးရာ) နီးပါး တန်ဖိုးရှိ ဘိန်းဖြူများတွေ့ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

မူးယစ်ဆေးဝါးမှုဖြင့် သိမ်းဆည်းခဲ့ပြီးနောက် ဝန်ကြီးဌာနများသို့ ပြန်လည်ချထားပေးသော အဆိုပါမော်တော်ယာဉ်မှာ ဆီမလိုက်သဖြင့် စမ်းချောင်းမြို့နယ်၊ ဝေဠုဝန်မြောက်ရပ်ကွက်၊ ဗဟိုလမ်းပေါ်ရှိ ကားဝပ်ရှော့တစ်ခုသို့ ဩဂုတ်လ ၂၇ ရက် မွန်းလွဲ ၂ နာရီခန့်က လာရောက်စစ်ဆေးစဉ် ဆီတိုင်ကီအတွင်း အကန့်နှစ်ကန့်ခွဲကာ အခြားအကန့်တစ်ခုအတွင်း၌ ဆပ်ပြာခွက်ဖြင့်ထည့်ထားသော ဘိန်းဖြူဟုယူဆရသည့် ညိုဝါရောင် အမှုန့်ဆပ်ပြာခွက် ၅၀ ခွက်ကို တွေ့ရှိခဲ့ပြီးနောက် ထပ်မံစစ်ဆေးရှာဖွေရာ တံခါးလေးချပ် အောက်ခြေဖောင်းလိုင်းအတွင်းမှ ဆပ်ပြာခွက် ၅၈ ခွက်ကို ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“ကားက မူးယစ်ဆေးဝါးမှုနဲ့ဖမ်းပြီး သိမ်းဆည်းထားတဲ့ကား၊ အဲဒီသိမ်းထားတဲ့ကားကို ဗဟိုပစ္စည်းထိန်းဌာနကနေ ဝန်ကြီးဌာနတွေကို ပြန်ချပေးထားတာ။ အခုစီးတဲ့သူလက်ထဲရောက်တာလည်း ၁၀ ရက်လောက်ပဲ ရှိသေးတယ်။ ဒီကားကို ဘယ်ကနေဖမ်းပြီး သိမ်းထားတာလဲဆိုတဲ့ ကွင်းဆက်ရှာဖွေရဦးမှာပါ။ အခုထိတော့ စုံစမ်းနေဆဲနဲ့ပဲ အမှုဖွင့်ထားပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ယင်းတွေ့ရှိသည့် မူးယစ်ဆေးဝါးများမှာ ဆပ်ပြာခွက်တစ်ခွက်လျှင် ၁၂ ဂရမ်ခန့်ပါဝင်ပြီး စုစုပေါင်း အလေးချိန် ၁ ဒသမ ၂၉၆ ကီလိုဂရမ်ဖြစ်ကြောင်း၊ ကာလတန်ဖိုးအားဖြင့် စုစုပေါင်း ကျပ်ငွေ ၁၂၉,၆၀၀,၀၀၀ တစ်ထောင့်နှစ်ရာ ကိုးဆယ့် ခြောက်သိန်းဖြစ်ကြောင်း၊ ယင်းမူးယစ်ဆေးဝါးတွေ့ရှိမှုနှင့်ပတ်သက်၍ စုံစမ်းဖော်ထုတ် အရေးယူပေးပါရန် အမှတ် (၄၂) မူးယစ်တပ်ဖွဲ့စုမှ ရဲအုပ်ထွန်းထွန်းက တရားလိုပြုလုပ်တိုင်ကြားသဖြင့် စမ်းချောင်းမြို့မ ရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (က) ဖြင့် အမှုဖွင့် ဆောင်ရွက်ထားသည်။ 

J-16