News

POST TYPE

CRIME & ACCIDENT

မိတ္ထီလာဈေးကွက်တွင် ဗမာခရမ်းချဉ် ဈေးတက်
28-Aug-2018



မိတ္ထီလာ၊ ဩဂုတ် ၂၇

မိတ္ထီလာခရိုင် မီးဖိုဆောင်သီးနှံ ဈေးကွက်၌ ရှမ်းပြည်မှဝင်သော တိုင်ထောင် ခရမ်းချဉ်သီးများ ဈေးကျနေသော်လည်း ဒေသထွက် ဗမာခရမ်းချဉ်သီးမှာ ဈေးတက်နေကြောင်း မိတ္ထီလာမြို့မဈေးကြီး ကုန်စိမ်းတန်းရှိ ပွဲရုံများနှင့် လက်လီလက်ကားရောင်းချသူများထံမှ စုံစမ်းသိရှိရသည်။

“တောင်ပေါ်သီး (ရှမ်းသီး) တွေက ဖြိုင်ဖြိုင်ပေါနေတယ်။ ဒါကြောင့် တိုင်ထောင်က ဈေးတက်မရဘူး။ ဗမာသီးက ပါးသွားပြီဆိုတော့ ဈေးတက်လာတယ်။ တစ်ပတ်လောက်ရှိသွားပြီ”ဟု မိတ္ထီလာမြို့ရှိ ကျော်ခရမ်းချဉ်သီးပွဲရုံမှ ဒေါ်ဌေးဌေးလှက ရှင်းပြသည်။ 

မိတ္ထီလာဈေးကွက်သို့ ရှမ်းပြည်နယ်မှဝင်ရောက်သော တိုင်ထောင်ခရမ်းချဉ်သီးမျိုးမှာ ပြီးခဲ့သည့်သီတင်းပတ်က ပိဿာနှစ်ဆယ်ပါ တစ်သေတ္တာလျှင် ကျပ် ၈၀၀၀ မှ ၁၀၀၀၀ ကျပ် ပေါက်ဈေးရှိသော်လည်း လက်ရှိဈေးမှာ ကျပ် ၃၀၀၀ မှ ၄၀၀၀ ခန့်သာ ရှိတော့ကြောင်း၊ ဒေသထွက် ဗမာခရမ်းချဉ်အနေနှင့် ပြီးခဲ့သည့်သီတင်းပတ်က ပိဿာနှစ်ဆယ်ပါ တစ်သေတ္တာလျှင် ကျပ် ၄၀၀၀ မှ ၆၀၀၀ ကြားသာရှိခဲ့သော်လည်း လက်ရှိတွင် ကျပ် ၈၀၀၀ မှ ၉၀၀၀ အကြား ပေါက်ဈေးရှိနေကြောင်း ခရမ်းချဉ်ပွဲရုံများထံမှ စုံစမ်းသိရှိရသည်။ 

မိတ္ထီလာဈေးကွက်သို့ မိတ္ထီလာနှင့် မလှိုင်နယ်ဘက်ရှိကျေးရွာများမှ ဒေသထွက်ဗမာခရမ်းချဉ်သီး ဝင်ရောက်မှုမှာ လက်ရှိအချိန်တွင် တစ်ရက်လျှင် ပိဿာချိန် တစ်ထောင်ဝန်းကျင်ခန့် ဝင်ရောက်နေပြီး ရှမ်းပြည်နယ်ဘက်မှ တင်ပို့သော တိုင်ထောင်သီးဝင်ရောက်မှုမှာ တစ်ရက်လျှင် ပိဿာလေးထောင် ဝန်းကျင်ရှိကြောင်း သမာဓိပွဲရုံလုပ်ငန်းရှင် ဦးပေါက်က ပြောကြားသည်။

“အရင်တစ်ပတ်က မိုးရွာလိုက်တော့ ခရမ်းချဉ်တွေ အသီးကွဲတာရှိတယ်။ အသီးပေါ်မှာ အနက်ပြောက်လေးတွေ ပါလာတာရှိတယ်။ ဗမာသီး ဈေးပြန်ကောင်းလာပေမယ့် အထွက်နည်းပါတယ်”ဟု မိတ္ထီလာမြို့ အနောက်ဘက်ရှိ သဖန်းပင်ရိုးရွာမှ ခရမ်းချဉ်စိုက် တောင်သူတစ်ဦးက ဆိုသည်။ 

မိတ္ထီလာဈေးကွက်သို့ဝင်သော ခရမ်းချဉ်သီးများကို ကျိုက်ထို၊ ဘားအံ၊ ဘီးလင်း၊ မြဝတီနှင့် ပခုက္ကူမြို့တို့မှ ပြန်လည်တင်ပို့ရကြောင်း ပွဲရုံလုပ်ငန်းရှင်များ အဆိုအရသိရသည်။  

R-01