News

POST TYPE

CRIME & ACCIDENT

ဆိုင်ကယ်ကယ်ရီသမားကို ခရီးသည်က အုတ်ခဲဖြင့်ထုကာ ဆိုင်ကယ်လုယက်
26-Aug-2018

ရန်ကုန်၊ ဩဂုတ် ၂၅

လှည်းကူးမြို့နယ်၊ ဒါးပိန်-မအူလမ်းမပေါ် ရွေတောင်းပန်ကျေးရွာအကျော်တွင် ဩဂုတ်လ ၂၄ ရက် ည ၁၂ နာရီခန့်က ဆိုင်ကယ်ကယ်ရီသမားကို ခရီးသည်အမျိုးသားက အုတ်ခဲဖြင့်ထုကာ ဆိုင်ကယ်လုယက် ထွက်ပြေးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်၊ ရုံးဟောင်းလမ်းတွင်နေထိုင်သူ အသက် ၁၈ နှစ်အရွယ် ဆိုင်ကယ်ကယ်ရီသမားတစ်ဦးသည် ယင်းနေ့ည ၁၁ နာရီခန့်က ရုံးဟောင်းလမ်းထိပ် ဆိုင်ကယ်ကယ်ရီဂိတ်မှ အလံတပိုကျေးရွာသို့ ငွေကျပ် ၄၀၀၀ (လေးထောင်) ဖြင့် ခရီးသည်အမျိုးသားတစ်ဦးကို လိုက်ပို့စဉ် ယင်းခရီးသည် အမျိုးသားက အထက်ပါနေရာအရောက် လမ်းဘေးရှိ အုတ်ခဲနဲ့ဦးခေါင်းကို ထုနှက်ကာ “အသက် မသေချင်ရင် မင်းဆိုင်ကယ်ကို ပေးလိုက်” ဟု ခြိမ်းခြောက်ပြောဆိုကာ လုယက်သွားခြင်းဖြစ်ကြောင်း အမှုဖွင့်တိုင်တန်းချက်အရ ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“ဆိုင်ကယ်ငှားတဲ့သူက အလံတပို ကျေးရွာသားပါ၊ ငှားတုန်းကတော့ တစ်ယောက်တည်းငှားလာတာ။ တောရကျောင်းရွာကကျတော့ သူ့အသိတစ်ယောက်ကို ဝင်ခေါ်တင်သွားတယ်။ လမ်းရောက်မှ ဆိုင်ကယ်ကိုလုတာ၊ သူ့အသိက အုတ်ခဲနဲ့ ထုတာကို မလုပ်ဖို့ တားမြစ်သေးတယ်။ သူ့ပါခြိမ်းခြောက်ပြီး ဆိုင်ကယ်ပေါ်တင်ခေါ်သွားတာ” ဟု အမှုဖွင့်တိုင်တန်းချက်အရ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ဆိုင်ကယ်ကယ်ရီမောင်း အမျိုးသားကို အုတ်ခဲဖြင့်ထုကာ လုယက်သူမှာ အသက် ၂၄ နှစ်အရွယ် အောင်ရဲကျော်ဖြစ်ပြီး ဆိုင်ကယ်ကယ်ရီကို လုယက်ရန် ဇရပ်ကွင်း လမ်းဆုံမှတစ်ဆင့် တောရကျောင်းကျေးရွာသို့ပို့ခိုင်းခဲ့ကြောင်း၊ ယင်းကျေးရွာ အရောက် အသိမိတ်ဆွေတစ်ဦးဖြစ်သူ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး ဝင်ခေါ်ကာ ဒါးပိန်-မအူလမ်းမကြီးပေါ်တွင် လုယက်ခဲ့သဖြင့် ၎င်းကို ဒါးပိန်နယ်မြေရဲ စခန်းက ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“အုတ်ခဲနဲ့ထုတော့ တောရကျောင်းရွာကနေပါလာတဲ့သူက မလုပ်ဖို့တားတယ်။ အဲလိုတားတော့ မင်းကိုပါ သတ်ပစ်မယ်ပြောလို့ သူလည်း ထပ်မပြောရဲတော့တာ။ ဆိုင်ကယ်မောင်းထွက်သွားတဲ့အချိန်မှာ တောရကျောင်းကလူပါ ပါသွားတယ်။ ဒါပေမဲ့ သူက လမ်းကျတော့ဆင်းနေခဲ့တာ။ လုယက်ခံရတဲ့ ကယ်ရီသမားက လမ်းလျှောက်ပြန်လာတုန်း ဒါးပိန်ဆေးရုံနားရောက်တော့ တောရကျောင်းက လူနဲ့တွေပြီး ရဲစခန်းအတူလာတိုင်ကြတာပါ”ဟု ရဲအရာရှိက ရှင်းပြသည်။

J-16