News

POST TYPE

CRIME & ACCIDENT

တာမွေ နတ်ချောင်းတွင် လူသတ်မှုဖြစ်
26-Aug-2018 tagged as လူသတ်မှု တာမွေ

ရန်ကုန်၊ ဩဂုတ် ၂၅

တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်၊ အသောကလမ်းနှင့် မြန်မာ့ဂုဏ်ရည်လမ်းထောင့်တွင် အမျိုးသားတစ်ဦး ပုလင်းကွဲဖြင့် ထိုးသတ်ခံရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အသတ်ခံရသူ အသက် ၄၀ နှစ် ဝန်းကျင်ရှိအမျိုးသားမှာ လည်ပင်းထိုးသွင်း ဒဏ်ရာ၊ မျက်နှာစုတ်ပြဲဒဏ်ရာများ ရရှိခဲ့ပြီး ဩဂုတ်လ ၂၅ ရက် နံနက် ၉ နာရီဝန်းကျင်က အခင်းဖြစ်နေရာအနီးရှိ သံဆန်ခါတပ်ဆင်ထားသော သေတ္တာထဲမှ ၎င်း၏ရုပ်အလောင်းကို ရပ်ကွက်နေသူများက စတင်မြင်တွေ့ခဲ့သည်။

ယင်းနောက် ရဲတပ်ဖွဲ့က လူသတ်မှုဖြစ်ပွားသည့် အနီးတစ်ဝိုက်တွင်ရှိသော ကားပစ္စည်းအရောင်းဆိုင်တွင် တပ်ဆင်ထားသည့် CCTV မှတ်တမ်းကို စစ်ဆေးရာမှ လူသတ်မှုကျူးလွန်သူကို ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း ရဲအရာရှိက ပြောသည်။

“ညက အရက်မူးပြီး လမ်းပေါ်လျှောက်သွားနေတဲ့ အမျိုးသားတစ်ယောက်ကို လှည့်ကင်းရဲတပ်ဖွဲ့က မသင်္ကာလို့ စခန်းခေါ်စစ်ဆေးခဲ့တယ်။ ဒီလူက ပလုံကောက်တဲ့သူ။ အမျိုးသားတစ်ယောက်နဲ့ ရန်ဖြစ်ပြီး ပုလင်းကွဲနဲ့ သူကထိုးခဲ့တယ်လို့ ထွက်ဆိုတယ်။ သူ့ထွက်ဆိုချက်အရ အခင်းဖြစ်နေရာကို သွားကြည့်ပေမယ့် ပုလင်းကွဲနဲ့ အထိုးခံရသူကို မတွေ့ခဲ့ဘူး။ မနက်ကျ CCTV မှတ်တမ်းစစ်ဆေးကြည့်မှ သေဆုံးသူက သွေးရူးသွေးတန်းနဲ့ ထပြေးသွားမှန်း သိခဲ့ရတာ” ဟု ရဲအရာရှိက ရှင်းပြသည်။

သေဆုံးသူသားကြီးနှင့် ပြစ်မှုကျူးလွန်သူ အသက် ၄၈ နှစ် ဆံရှည် (ခ) မင်း အောင်ထွေးတို့မှာ ယင်းရပ်ကွက်တွင် ပုလင်းခွံနှင့် ကော်ဘူးများ လှည့်လည်ကောက်ယူနေသူများဖြစ်ပြီး ဩဂုတ်လ ၂၄ ရက် ညပိုင်း ၁၁ နာရီခွဲက အရက်အတူထိုင်သောက်ရာမှ စကားများရန်ဖြစ်ကာ ဆံရှည် (ခ) မင်းအောင်ထွေးက သားကြီးကို ပုလင်းကွဲဖြင့် ထိုးသတ်ခဲ့ကြောင်း CCTV မှတ်တမ်းအရ စစ်ဆေးပေါ်ပေါက်ခဲ့သည်။

“သေဆုံးသူအလောင်းကို ရပ်ကွက်ထဲက ဆွမ်းလောင်းအသင်းက စတွေ့ခဲ့တာ။ အခင်းဖြစ်နေရာအနီးမှာရှိတဲ့ စီစီတီဗီထဲမှာတော့ သေဆုံးသူကို လူသတ်မှုကျူးလွန်သူက ထိုးကြိတ်ရိုက်နှက်နေတာ မြင်ရတယ်” ဟု လူသတ်မှု ဖြစ်ပွားခဲသည့် နတ်ချောင်းရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

အဆိုပါလူသတ်မှုဖြစ်စဉ်မှ ဖမ်းဆီးထားသော ဆံရှည် (ခ) မင်းအောင်ထွေးကို တာမွေမြို့မရဲစခန်းက (ပ) ၈၀၃/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03