News

POST TYPE

CRIME & ACCIDENT

ညွှန်မှူး သုံးဦး အပါအဝင် အကောက်ခွန်ဝန်ထမ်း ရှစ်ဦးကို အဂတိလိုက်စားမှုဖြင့် ထပ်မံ အမှုဖွင့်
24-Aug-2018


ရန်ကုန်၊ သြဂုတ် ၂၄

ရန်ကုန်ဆိပ်ကမ်းမှ မော်တော်ယာဉ်များ ထုတ်ယူခွင့်နှင့်ပတ်သက်၍ အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်း ၁၂ ဦးကို ဖမ်းဆီးတရားစွဲဆိုထားပြီး ရက်ပိုင်းအကြာတွင် ယင်းဌာနမှ ညွှန်မှူးသုံးဦး အပါအဝင် ရှစ်ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် ထပ်မံ အမှုဖွင့် အရေးယူထားကြောင်း ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆/၆၃ ဖြင့် တရားစွဲဆိုထားသည့် အကောက်ခွန်ဝန်ထမ်း ဦးစီးဌာနမှ တာဝန်ခံကြီးကြပ်သူ ထုတ်/သွင်းဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးမောင်မောင်ထွေးဆွေ၊ ကာကွယ်ရေးဌာနခွဲမှ တာဝန်ခံညွှန်ကြားရေးမှူး ဦးဝင်းလှိုင်၊ စစရဌာနခွဲမှ တာဝန်ခံ ညွှန်ကြားရေးမှူး ဦးကျော်ညွန့်အောင်တို့မှာ ရန်ကုန်ဆိပ်ကမ်းမှ မော်တော်ယာဉ်များ ထုတ်ယူခွင့်နှင့်ပတ်သက်ပြီး လာဘ်ငွေရယူမှုဖြင့် သြဂုတ်လ ၂၄ ရက် (ယနေ့) ညနေပိုင်းက ကျောက်တန်းမြို့မရဲစခန်းတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆/၆၃ ဖြင့် ထပ်မံ အမှုဖွင့် အရေးယူခံခြင်းဖြစ်သည်။

အဂတိလိုက်စားမှု ပုဒ်မဖြင့် ထပ်မံ အမှုဖွင့် အရေးယူခံရသူ ရှစ်ဦးတွင် ညွှန်မှူးသုံးဦးအပြင် ဦးစီးအရာရှိ မလန်ရှရွယ်တို့မှာ ရန်ကုန်တိုင်းဒေသကြီး တိုင်းတရားလွှတ်တော်တွင် အဂတိအမှုဖြင့် လက်ရှိ တရားစွဲဆို ခံထားရသူများဖြစ်ပြီး ယခုအမှုမှာ ကျောက်တန်း၊ သီလဝါ ဆိပ်ကမ်းရှိ MIPL ဆိပ်ကမ်းတွင် ရောက်ရှိနေသော Delivery Van ယာဉ်များအနက် လင်းယုန် Agency မှ ယာဉ်များကို ဆိပ်ကမ်းအပြင် ထုတ်ယူရာတွင် လာဘ်ငွေရယူမှုနှင့် အဂတိ လိုက်စားမှု ကျူးလွန်ရန် ပူးပေါင်းကြံစည်မှုများ စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ကျောက်တန်းမြို့မ ရဲစခန်းတွင် အဂတိလိုက်စားမှုဖြင့် ထပ်မံ အမှုဖွင့်ခံရသူ ရှစ်ဦးတွင် ညွှန်မှူး သုံးဦးနှင့် ဦးစီးအရာရှိ တစ်ဦးအပါအဝင် အကောက်ခွန်မှူး ဦးကျော်ခိုင်မင်း၊ ဒုအကောက်ခွန်မှူးများဖြစ်ကြသော ဦးဇော်နိုင်ဦး၊ ဦးစိုးမင်းသန်းနှင့် ဦးသန်းထိုက်အောင်တို့ ပါဝင်ခဲ့သည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် သြဂုတ်လ ၂၁ ရက်နေ့က အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆/၆၃ ဖြင့် တရားစွဲဆိုထားသော အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်း ၁၂ ဦးအနက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အကောက်ခွန်ဦးစီးဌာနမှ ဒုတိယ အကောက်ခွန်မှူး ဦးဇော်ဝင်းဟိန်း၊ အကောက်ခွန်ရုံးချုပ်မှ ဦးစီးအရာရှိ ဒေါ်နန်းသဉ္ဇာ၊ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမြတ်ကျော်တို့ သုံးဦး၏အမှုကို တတိယအကြိမ်မြောက် ရုံးထုတ်ပြီး တရားလိုဖြစ်သူကို စစ်ဆေးခဲ့သည်။

အဆိုပါ အမှုတွင် အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံရသူ ၁၂ ဦး ရှိသည့်အတွက် ရှေ့နေများမှ တစ်နေ့တည်းတွင် ပြန်လှန်စစ်မေးရန် မလွယ်ကူခြင်းကြောင့် အထက်ပါ ရုံးထုတ်စစ်ဆေးခဲ့သည့် သုံးဦးကို အဂတိလိုက် စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆/၆၃ ဖြင့် တရားစွဲဆို စစ်ဆေးခဲ့သည်။

ယင်းအမှုတွင် ပါဝင်သည့် ဒုတိယအကောက်ခွန်မှူး နေမင်းထက်၊ ဦးစီးအရာရှိ ဗိုလ်ဗိုလ်၊ အကောက်ခွန်မှူး ဟန်ဝင်းအောင်၊ လက်ထောက် အကောက်ခွန်မှူး သန်းအေး၊ ဒုတိယလက်ထောက် အကောက်ခွန်မှူး သိန်းဝင်း၊ ညွှန်ကြားရေးမှူး မောင်မောင်ထွေးဆွေ၊ ညွှန်ကြားရေးမှူး ၀င်းလှိုင်၊ ညွှန်ကြားရေးမှူး ကျော်ညွန့်အောင်၊ ဦးစီးအရာရှိ မလန်ရှရွယ်တို့ ၉ ဦးကို ရာဇဝတ်ကြီးမှု အမှတ် ၂/၂၀၁၈၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆/၆၃ ဖြင့် တရားစွဲဆိုထားပြီး သြဂုတ် ၂၂ ရက်တွင် စစ်ဆေးရန် ရုံးချိန်းသတ်မှတ်ထားသော်လည်း ကုရ်ဘာနီအီးဒ်နေ့ (ရုံးပိတ်ရက်)ဖြစ်နေသောကြောင့် လာမည့် စက်တင်ဘာ ၅ ရက်နေ့ စစ်ဆေးရန် ရုံးချိန်းရက် သတ်မှတ်ပေးခဲ့ကြောင်း တရားရုံးသတင်းပြန်ကြားရေး အရာရှိထံမှ သိရှိရသည်။

S-03