News

POST TYPE

CRIME & ACCIDENT

တာချီလိတ်တွင် ထိုင်းနိုင်ငံသားလူငယ် လေးဦးထံမှ မူးယစ်ဆေးနှင့်လက်နက်များ ဖမ်းမိ
24-Aug-2018


ကျိုင်းတုံ၊ ဩဂုတ် ၂၄

ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခုတွင် ဩဂုတ်လ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ထိုင်းနိုင်ငံသား လူငယ်လေးဦးထံမှ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါနေ့ရက်က ယင်းတိုက်ခန်းကို ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက်ရှာဖွေခဲ့ရာ ထိုင်းနိုင်ငံသား လေးဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၈၀ ပြား၊ အိုက်စ် ၅၈ ဂရမ်ခန့်နှင့် မူးယစ်ဆေးဝါးသုံးစွဲသည့် ကိရိယာလေးခုနှင့် ခဲပြားဗူးတစ်ဗူးတို့အပြင် ပစ္စတိုသေနတ် နှစ်လက်၊ ကျည်အိမ်သုံးခုနှင့် ကျည်ဆံ ၃၂ တောင့်ကို ဖမ်းဆီးရမိခဲ့ကြောင်း ၎င်းကဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ထိုင်းနိုင်ငံသားများဖြစ်ကြသည့် Mr. Teerawad Kampunjian(၁၉ နှစ်)၊ Mr. Anusorn Daorucang(၂၀ နှစ်)၊ Mr. Manop Changkaew(၂၄ နှစ်) နှင့် Mr. Witsanoot(၂၅ နှစ်) တို့လေးဦးကို မယ(ပ)၇၁/၂၀၁၈၊မူး/စိတ် ပုဒ်မ ၁၉(က)/၂၁/၂၂(ခ) ဖြင့် အရေးယူထားပြီး အသေးစိတ် စစ်ဆေးနေကြောင်း တာချီလိတ် မြို့မရဲစခန်းထံမှ သိရသည်။

R-16