News

POST TYPE

CRIME & ACCIDENT

သရုပ်ဆောင် စိုးမြတ်နန္ဒာက ဦးကျော်ကျော်ထွန်းကို အသရေဖျက်မှုဖြင့် တရားရုံးတွင် ဦးတိုက်လျှောက်ထား
24-Aug-2018 tagged as


ရန်ကုန်၊ သြဂုတ် ၂၄
နိုင်ငံပိုင်သတင်းစာတွင် ကြေညာချက်နှင့်ပတ်သက်၍ ဦးကျော်ကျော်ထွန်းကို အသရေဖျက်မှုဖြင့် သရုပ်ဆောင် စိုးမြတ်နန္ဒာက သြဂုတ်လ ၂၄ ရက်(ယနေ့) မွန်းလွဲပိုင်းတွင် မရမ်းကုန်းမြို့နယ် တရားရုံး၌ ဦးတိုက်လျှောက်ထားခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးနေလက ပြောသည်။ 

“အသရေဖျက်မှုနဲ့ ဦးတိုက်လျှောက်ထားမှုကို တရားရုံးက ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုစစ်ဆေးဖို့ လက်ခံလိုက်တယ်။ လာမယ့် စက်တင်ဘာလ ၇ ရက်နေ့မှာ ဒီအမှုကို စစစ်ဆေးဖြစ်မယ်”ဟု ဦးနေလက ရှင်းပြသည်။

သြဂုတ်လ ၁၈ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဦးကျော်ကျော်ထွန်း၏ ရှေ့နေများက သရုပ်ဆောင် စိုးသူ (ခ) ဦးစိုးသူလွင်နှင့် ပတ်သက်သည့်ကိစ္စရပ်များတွင် သရုပ်ဆောင် စိုးမြတ်နန္ဒာအနေဖြင့် ပါဝင်ပတ်သက်မှု မရှိမှန်းသိပါလျက် တစ်စုံတစ်ရာ ဆက်သွယ်လာခြင်းမရှိဘဲ ကြေညာချက်တွင် ထည့်သွင်းဖော်ပြမှုကြောင့် ဂုဏ်သိက္ခာကျဆင်းစေသော နစ်နာမှုအတွက် ကျပ်သိန်း ၁၅၀၀၀ ကို သြဂုတ်လ ၂၀ ရက်နေ့မှစ၍ ခုနှစ်ရက်အတွင်း ပေးအပ်ရန် သရုပ်ဆောင် စိုးမြတ်နန္ဒာဘက်မှ တောင်းဆိုလိုက်ပြီး ယင်းတောင်းဆိုမှုကိုမလိုက်နာပါက တည်ဆဲဥပဒေအရ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

“ရုပ်ရှင်မင်းသား စိုးသူက ကားပေါ်က မဆင်းဘူး။ စိုးမြတ်နန္ဒာတစ်ယောက်ထဲ ကားပေါ်ကဆင်းပြီး တရားရုံးထဲ ဝင်လာတာ”ဟု သရုပ်ဆောင် စိုးမြတ်နန္ဒာနှင့် ဓာတ်ပုံအတူ တွဲရိုက်ခဲ့သည့် ရှေ့နေအမျိုးသမီးတစ်ဦးက ဆိုသည်။

သရုပ်ဆောင် စိုးမြတ်နန္ဒာမှ မရမ်းကုန်းမြို့နယ်တရားရုံးသို့ လာရောက်ပြီး အသရေဖျက်မှုဖြင့် ဦးတိုက် လျှောက်ထားမှုနှင့်ပတ်သက်၍ The Voice Daily သတင်းစာမှ သတင်းထောက်က တရားရုံးထံသွားရောက်ပြီး စာတင်မေးမြန်းခဲ့သော်လည်း သတင်းနှင့် ပြန်ကြားရေး တာဝန်ခံမှ တွေ့ဆုံခွင့်မပြုခဲ့သလို ယင်းသတင်းနှင့်ပတ်သက်၍ သိရှိလိုပါက လာမည့် စက်တင်ဘာလ ၅ ရက်နေ့မှသာ ဖြေကြားပေးမည်ဖြစ်ကြောင်း ယင်းတရားရုံးထံမှ သိရသည်။ 

နိုင်ငံပိုင်သတင်းစာတွင် ဦးကျော်ကျော်ထွန်းဆိုသူက ပြုလုပ်ခဲ့သည့်ကြေညာချက်၌ စိုးသူနှင့် စိုးမြတ်နန္ဒာတို့မှာ မိတ်ဆွေရင်းသဖွယ် ခင်မင်ရင်းနှီးခဲ့ပြီး ၂၀၁၅ ခုနှစ် သြဂုတ်လတွင် စိုးသူပေးရန်ရှိသည့် ကြွေးပူများအတွက် ကူညီစိုက်ထုတ် ရှင်းလင်းပေးခဲ့ရကြောင်း၊ ယင်းစိုက်ထုတ်ခဲ့ရသည့် ငွေများကို သတ်မှတ်ကာလအတွင်း ပြန်လည်ပေးဆပ်နိုင်ခြင်းမရှိဘဲ အကြိမ်ကြိမ် ပျက်ကွယ်နေသဖြင့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် တွေ့ဆုံညှိနှိုင်းခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာကြေညာချက်တွင် ပါရှိခဲ့သည်။ 

ချေးယူထားသည့် ကျပ်သိန်း ၃၅၀ ကျော် ပြန်မဆပ်ခြင်းနှင့် ပတ်သက်ပြီး ထိုကြေညာချက်နှင့် ပတ်သက်၍ သရုပ်ဆောင် တေးသံရှင် စိုးသူကလည်း ကြေညာချက်တစ်ခုပြုလုပ်ခဲ့ပြီး ဦးကျော်ကျော်ထွန်းသည် Striking Thunder Entertainment အမည်ဖြင့် မန္တလေးမြို့တွင် ကျင်းပခဲ့သော One Night In Mandalay Show ကို စီစဉ်ခဲ့သလို ၎င်း၏ကုန်ကျစရိတ်ဖြင့် အသံသွင်းထားသော “အမြတ်နိုးဆုံး မင်းအကြောင်းလေး” စီးရီးမာစတာခွေကို ဖြန့်ချိခဲ့သူလည်းဖြစ်ကြောင်း၊ ဦးကျော်ကျော်ထွန်းမှ ၂၀၁၅ ခုနှစ် သြဂုတ်လတွင် ၎င်းလိုအပ်နေသည့်ငွေကို စာချုပ်စာတမ်းမရှိဘဲ စိုက်ထုတ်ပေးခဲ့ပြီး ၎င်းအား ပေးရန်ရှိသည့် အနုပညာကြေးဖြင့် ခုနှိမ့်မည်ဟု ပြောခဲ့ကြောင်း၊ အနုပညာလုပ်ငန်းများ လုပ်ဆောင်ပြီးချိန်အထိ ဦးကျော်ကျော်ထွန်းသည် အနုပညာကြေးများမပေးခဲ့ဘဲ ၎င်းရရန်ရှိသာ ငွေကို အတိုးနှုန်းများယူကာ ပြန်လည်ပေးဆပ်ရန် ပြောခဲ့ကြောင်း၊ အနုပညာ လုပ်ငန်းများကြား စာချုပ်စာတမ်း မချုပ်ဆိုထား၍ စိုးသူမှ အနုပညာကြေးရှင်းပေးရန် ပြောသော်လည်း ဦးကျော်ကျော်ထွန်းက လက်မခံခဲ့ကြောင်း စိုးသူ၏ကြေညာချက်တွင် ဖော်ပြထားသည်။

S-03

  • TAGS