News

POST TYPE

CRIME & ACCIDENT

ငွေကြာရံရိပ်သာတွင် အမျိုးသမီးတစ်ဦး ရွှေဆွဲကြိုး လုယက်ခံရ
24-Aug-2018

ရန်ကုန်၊ ဩဂုတ် ၂၃

တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ ငွေကြာရံရိပ်သာ၊ စံပယ်လမ်းတွင် ဩဂုတ်လ ၂၂ ရက် နံနက် ၁၀ နာရီက လမ်းလျှောက်လာသည့် အမျိုးသမီးတစ်ဦး၏ လည်ပင်းတွင် ဝတ်ဆင်ထားသော ရွှေဆွဲကြိုးကို ဆွဲဖြုတ်လုယူထွက်ပြေးသည့် အမျိုးသားအား ယင်းနေ့ ညနေပိုင်းတွင် ပါရမီခုံးကျော်တံတားအောက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

ရွှေဆွဲကြိုး လုယက်ခံရသည့် အသက် ၃၂ နှစ် အမျိုးသမီးမှာ ယင်းနေ့က အင်္ကျီချုပ်ရန်အတွက် နေအိမ်မှ စက်ချုပ်ဆိုင်ရှိရာသို့ ထွက်လာစဉ် ငွေကြာရံရိပ်သာ၊ စံပယ်လမ်းအရောက် မျက်နှာချင်းဆိုင်မှ လမ်းလျှောက်လာသော အနက်ရောင် တီရှပ်အင်္ကျီဝတ်ဆင်ထားသည့် လူငယ်တစ်ဦးက ၎င်း၏ လည်ပင်းတွင် ဝတ်ဆင်ထားသော ရွှေဆွဲကြိုးကို ရုတ်တရက်ဆွဲ ဖြုတ်လုယူထွက်ပြေးခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။

ယင်းလုယက်မှုနှင့် ပတ်သက်၍ အခင်းဖြစ်နေရာနှင့် အနီးဆုံးဖြစ်သည့် ပါရမီခုံးကျော်တံတားအောက်တွင် ယင်းနေ့ ညနေပိုင်းက မသင်္ကာဖွယ်တွေ့ရှိရသူ အသက် ၂၁ နှစ် သူရပြည့်စုံ (ခ) ဖိုးသူရကို စစ်ဆေးခဲ့ရာ ၎င်းထံမှ လုယူလာသည့် ရွှေဆွဲကြိုးကို သိမ်းဆည်းရမိခဲ့ပြီး တောင်ဥက္ကလာပမြို့မ ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်အရေးယူ၍ ယခင်ကျူးလွန်ခဲ့သည့် ပြစ်မှုများရှိမရှိကို တိုက်ဆိုင်စစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

ရွှေဆွဲကြိုးလုယက်ခံရသည့် အဆိုပါလမ်းရှိရာ တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၃) ရပ်ကွက်တွင် ဇူလိုင်လက သားဖွားမီးယပ်အထူးကုဆရာဝန် အမျိုးသမီးတစ်ဦးကို ယာဉ်မောင်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က ရိုက်နှက်ပြီး လက်ဝတ်ရွှေထည်နှင့်ငွေများ လုယူမှုဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူများကို ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများမှတစ်ဆင့် စုံစမ်းဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ခဲ့သည်။  

S-03