News

POST TYPE

CRIME & ACCIDENT

အင်းတော်တွင် တရားမဝင်သစ်စက်ကို ဓာတ်ပုံရိုက်သူတစ်ဦး ခေါင်းဖြတ်အသတ်ခံရ
23-Aug-2018

ကလေး၊ ဩဂုတ် ၂၃ 

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ ရွာသာယာကျေးရွာတွင် တရားမဝင် သစ်စက်ကို ဓာတ်ပုံရိုက်သည်ကို မကျေနပ်သဖြင့် ခေါင်းဖြတ်သတ်ကာ အလောင်းဖျောက်ဖျက်သည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း အင်းတော်မြို့မ ရဲစခန်းထံမှ သိရသည်။

အင်းတော်မြို့နယ်အတွင်းနေထိုင်သည့် စက်ရုံနှင့် စိုးနိုင်တို့နှစ်ဦးသည် တောထဲတွင် တရားမဝင် လုပ်ကိုင်နေသည့် သစ်စက်ကို ဩဂုတ်လ ၂၀ ရက်နေ့က သွားရောက်ဓာတ်ပုံရိုက်ခဲ့ကြောင်း၊ ၎င်းတို့နှစ်ဦး ဓာတ်ပုံရိုက်ပြီးအပြန် တရားမဝင် သစ်စက်လုပ်ကိုင်နေသူ ဦးဝင်းအောင် အပါအဝင် လူလေးဦးက တုတ်၊ ဓားများဖြင့် ဝိုင်းဝန်းထိုးခုတ်သဖြင့် စက်ရုံးမှာ ဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက်ခဲ့ပြီး စိုးနိုင်မှာ ကျန်ရစ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းနောက်ရဲစခန်းသို့ အသိပေးတိုင်ကြားလာခဲ့သဖြင့် သောင်ကြီးကျေးရွာ မြောက်ဘက်ရှိ တောအတွင်း စိုးနိုင် ၃၇ နှစ်ကို လိုက်လံရှာဖွေရာ သောင်ကြီးကျေးရွာ မြောက်ဘက် နှစ်မိုင်ခန့်အကွာတွင် စိုးနိုင်၏အလောင်းကို ခေါင်းဖြတ်ခံရပြီး မြေမြှုပ်ထားသည်ကို တူးဖော်တွေ့ရှိခဲ့ရကြောင်း အင်းတော်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး သက်တင်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူများအနက်မှ ဝင်းကို ၁၈ နှစ်ကို ဩဂုတ်လ ၂၂ ရက်နေ့ ည ၇ နာရီခွဲခန့်က ဖမ်းဆီးရမိခဲ့ပြီး ထွက်ပြေးနေသည့် ဦးဝင်းအောင် အပါအဝင် ကျူးလွန်သူသုံးဦးကို ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း ၎င်းက ပြောဆိုသည်။

ယင်းအမှုနှင့်ပတ်သက်၍ ကျူးလွန်သူများကို အင်းတော်မြို့မရဲစခန်းက (ပ) ၁၁၉/ ၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၃၂၅/ ၃၂၆/ ၂၀၁/ ၁၁၄ ဖြင့် အမှုဖွင့်အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

R-20