News

POST TYPE

CRIME & ACCIDENT

လှိုင်သုံးလောင်းပြိုင်လူသတ်မှု ဖမ်းဆီးတရားစွဲဆိုထားသူကို သေဒဏ်ချနိုင်သည့် ပုဒ်မဖြင့် စွဲချက်တင်


ရန်ကုန်၊ ဩဂုတ် ၂၂

လှိုင်မြို့နယ်၊ အင်းစိန်လမ်းဘေးရှိ လှိုင်သီရိအိမ်ရာဝင်းတွင် ဖြစ်ပွားခဲ့သည့် သုံးလောင်းပြိုင်လူသတ်မှုနှင့် ပတ်သက်ပြီး ဖမ်းဆီးတရားစွဲဆိုထားသော ဇွဲလင်းထက်ကို သေဒဏ်ချမှတ်နိုင်သည့် ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၁) (ဂ) ဖြင့် စွဲချက်တင် စစ်ဆေးရန် အမိန့်ချမှတ်ခဲ့ကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးထံမှ သိရသည်။

ယင်းအပြင် အဆိုပါအမှုမှ တရားစွဲဆိုထားသော ဇွဲလင်းထက်၏ မိခင်နှင့် ဇနီးတို့ကို ရာဇသတ်ကြီး ပုဒ်မ ၂၀၁/ ၂၀၁/ ၄၁၁ တို့ဖြင့် စွဲချက်တင် စစ်ဆေးရန် တရားသူကြီးက အမိန့်ချမှတ်လိုက်ကြောင်း အနောက်ပိုင်းခရိုင်တရားရုံးမှ သတင်းနှင့် ပြန်ကြားရေးအရာရှိ ဒုခရိုင် တရားသူကြီး ဦးဌေးအောင်က ပြောကြားသည်။

ဇွဲလင်းထက်၏ မိခင်နှင့် ဇနီးတို့ကို စွဲချက်တင်စစ်ဆေးရန် အမိန့်ချမှတ်ခဲ့သည့် ရာဇသတ်ကြီး ပုဒ်မသုံးခုမှာ သေဒဏ်ချမှတ်ခြင်း ခံထိုက်သည့် ပြစ်မှုကျူးလွန်သူကို ကာကွယ်ရန်အလို့ငှာ သက်သေခံပစ္စည်းများကို ဖျောက်ဖျက်ပေးမှု ရာဇသတ်ကြီး ပုဒ်မ ၂၀၁၊ လူသတ်မှုကျူးလွန်ခြင်းကို သိလျက်နှင့် သတင်းပေးတိုင်ကြားရန် ပျက်ကွက်မှု ရာဇသတ်ကြီး ပုဒ်မ ၂၀၂၊ လုယူလာသည့် ပစ္စည်းမှန်းသိလျက်နှင့် မရိုးမဖြောင့်သော သဘောဖြင့် လက်ခံရယူမှု ရာဇသတ်ကြီး ပုဒ်မ ၄၁၁ တို့ဖြစ်ကြောင်း ဒုခရိုင်တရားသူကြီး ဦးဌေးအောင်က မီဒီယာများကို ရှင်းပြသည်။

စွဲချက်တင် အမိန့်ချမှတ်ပြီးနောက် တရားစွဲဆိုခံရသူ ဇွဲလင်းထက်အပါအဝင် ၎င်းတို့ မိသားစုဝင် သုံးဦးက အပြစ်မရှိကြောင်း ရုံးတော်ရှေ့တွင် ထုချေတင်ပြခဲ့ပြီး လတ်တလော ပြန်ခေါ်သက်သေ မရှိသဖြင့် လာမည့် စက်တင်ဘာလ ၄ ရက်နေ့တွင် ဇွဲလင်းထက်ကို စတင်စစ်ဆေးသွားမည်ဖြစ်ကြောင်း အနောက်ပိုင်းခရိုင် တရားရုံးထံမှ သိရသည်။

အဆိုပါ အမှုမှာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လှိုင်သီရိအိမ်ရာ တိုက်အမှတ် (၃) ရှိ ခြောက်လွှာတိုက်ခန်းတစ်ခန်းတွင် နေထိုင်သော ဒေါ်ကေသီလှိုင်နှင့် ၎င်း၏ အသက် ၉ နှစ်အရွယ် သမီးငယ် မသာယာထွန်း၊ ဆိုင်မှ ဝန်ထမ်းဖြစ်သူ အသက် ၂၅ နှစ် မအေးမာဦးတို့ သုံးဦးကို ဆိုင်ဝန်ထမ်းဖြစ်သူ ဇွဲလင်းထက်က ၎င်းတောင်းဆို သည့် လစာငွေ တိုးမပေးသောကြောင့် ဓားဖြင့်ခုတ်သတ်ခဲ့ပြီး လက်ဝတ်ရွှေထည်၊ လက်ကိုင်ဖုန်း၊ လက်တော့ပ်နှင့် မော်တော်ယာဉ်တစ်စီးတို့ကို ယူဆောင်ထွက်ပြေးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီး လုယူလာသည့် ပစ္စည်းများ လက်ခံရယူမှုနှင့် သက်သေခံပစ္စည်းများ ဖျောက်ဖျက်ပေးမှုတို့ဖြင့် ဇွဲလင်းထက်၏ မိခင်နှင့် ဇနီးကိုပါ ဖမ်းဆီးအရေးယူခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

S-03