News

POST TYPE

CRIME & ACCIDENT

ဆိုင်ကယ်သူခိုးဖမ်းသည့်ရဲကို သူခိုးအဖွဲ့က ဓားဖြင့်ပြန်ခုတ်
မန္တလေး၊ ဩဂုတ် ၂၂

မန္တလေးတိုင်း မတ္တရာမြို့နယ် ရဲတပ်ဖွဲ့မှ နယ်ထိန်းရဲတပ်ကြပ်တစ်ဦးကို ဆိုင်ကယ်ခိုးသည့်အဖွဲ့က ဓားနှင့်ဝိုင်းခုတ်ခဲ့ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားသည်။

ပျောက်ဆုံးနေသောဆိုင်ကယ်များ ရှိနေသော နေအိမ်ခြံဝင်းအတွင်းသို့ ဩဂုတ်လ ၂၁ ရက်နေ့က ဝင်ရောက်ဖမ်းဆီးရာတွင် ဓားဖြင့်အခုတ်ခံရခြင်းဖြစ်သည်ဟု ၎င်းကပြောဆိုသည်။ 

နယ်ထိန်းတစ်ဦးဖြစ်သည့် ရဲတပ်ကြပ် အောင်အောင်သည် ပျောက်ဆုံးသွားသည့် ဆိုင်ကယ်မှာ ထက်ကြီးဟု အမည်ရသည့် အမျိုးသားတစ်ဦးထံတွင် ရောက်ရှိနေကြောင်းသတင်းအရ သွားရောက်ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအရာရှိက ရှင်းပြသည်။

ထက်ကြီး၏အိမ်သို့အရောက်တွင် ရှာဖွေမခံဘဲ ထက်ကြီးနှင့်အဖွဲ့က နယ်ထိန်းကို ဓားဖြင့်ခုတ်ကာ ထွက်ပြေးသွားခဲ့သည်ဟု ၎င်းကဆက်လက်ပြောဆိုသည်။

“အခုတော့ သူတို့အဖွဲ့က လူတွေကို ကိုဖမ်းမိထားပါပြီ၊ ကျန်နေတဲ့သူတွေ နောက်ကိုလည်း ထပ်လိုက်နေတယ်” ဟု ယင်းအရာရှိက ထပ်မံပြောကြားသည်။

ထက်ကြီးက ဓားဖြင့်ခုတ်ခဲ့သည့်အတွက် နယ်ထိန်းတပ်ကြပ်အောင်အောင် ဦးခေါင်းနှင့် လက်တွင် ဓားဒဏ်ရာများရရှိခဲ့သော်လည်း ဒဏ်ရာများမှာ စိုးရိမ်ဖွယ်မရှိကြောင်း မန္တလေးပြည်သူ့ဆေးရုံကြီးထံမှ သိရသည်။ 

လက်ရှိတွင် ထက်ကြီးနှင့်အတူ ကျူးလွန်ရာတွင် ပါဝင်ခဲ့သည့် ပိုင်ဇင်ဦးခေါ် ကျော်ကြာ၊ ဉာဏ်ထွန်းနှင့် ၎င်း၏ဖခင် ဦးအောင်နိုင်ထွန်းတို့ကို မတ္တရာမြို့မ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၃၃/ ၃၀၇/၁၁၄ တို့ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

M-04