News

POST TYPE

CRIME & ACCIDENT

တာချီလိတ်တွင် ရွှေဆိုင်ကို သေနတ်သမားတစ်ဦး အနုကြမ်းစီး
20-Aug-2018
ကျိုင်းတုံ၊ ဩဂုတ် ၁၉

ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ မကာအိုခမ်း ရပ်ကွက်ရှိ ဒိုင်းမွန်းရွှေဆိုင်ကို ဩဂုတ် ၁၈ ရက်နေ့ နံနက် ၁၁ နာရီခန့်က အမည်မသိ သေနတ်သမားတစ်ဦးက အနုကြမ်းဝင်စီးခဲ့ရာ အမျိုးသမီးတစ်ဦး သေနတ်ထိမှန်ခဲ့ကြောင်း တာချီလိတ်မြို့မရဲစခန်းမှူး ဒုရဲမှူးမျိုးခိုင်က ပြောကြားသည်။

“သေနတ်သမားက အရောင်းစာရေးမလေးကို သေနတ်အတိုနဲ့ ချိန်ထားရင်း ကျည်ထွက်သွားတယ်နဲ့တူတယ်။ ကျည်ဆန်က ရွှေကောင်တာမှန်ကို မှန်ပြီး Twist  (ချော်) ဖြစ်သွားရင်းက ရွှေလာဝယ်တဲ့ ကောင်မလေးကို မှန်သွားတာပါ။ ရွှေတွေတော့ ဘာတစ်ခုမှမပါသွားသလို တရားခံကို လိုက်လံရှာဖွေပေမယ့် အခုအချိန်အထိ မမိသေးဘူး”ဟု ၎င်းက ပြောဆိုသည်။

အဆိုပါဖြစ်စဉ်တွင် ရွှေလာဝယ်သည့် မနန်းသာလျန် (၂၃ နှစ်) ၏ ယာလက်မောင်းရင်းရှေ့ ကျည်ဖောက်ဝင်ပြီး လက်မောင်းရင်းနောက်မှ ကျည်ဖောက်ထွက် ဒဏ်ရာတစ်ချက်ရရှိခဲ့၍ တာချီလိတ် ပြည်သူ့ဆေးရုံ၌ အတွင်းလူနာအဖြစ် ကုသနေရကြောင်း၊ လတ်တလောအမည်မသိ သေနတ်သမားကို ဖမ်းဆီးရမိရန် စုံစမ်းနေပြီး ၎င်းကို (ပ) ၂၇၃/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၄/၄၂၇ ဖြင့် အရေးယူထားကြောင်း တာချီလိတ် မြို့မရဲစခန်းထံမှသိရသည်။

R-16


  • VIA