News

POST TYPE

CRIME & ACCIDENT

အရက်မသောက်ရန် ရိုက်နှက်ဆုံးမသည့် အဘိုးကို မြေးဖြစ်သူက ဓားဖြင့် ထိုးသတ်
ရန်ကုန်၊ ဩဂုတ် ၁၈

သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ (က) ရပ်ကွက်၊ နှင်းဆီကုန်းလမ်းတွင် ဩဂုတ် ၁၇ ရက် ည ၈ နာရီဝန်းကျင်က အသက် ၂၁ နှစ်အရွယ် မြေးဖြစ်သူက ၎င်းကို အရက်မသောက်ရန် ရိုက်နှက်ဆုံးမနေသည့် အဘိုးဖြစ်သူကို ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

လူသတ်မှု ကျူးလွန်ခဲ့သူ အသက် ၂၁ နှစ် ချစ်ကိုကို (ခ) ဆန်နီ (ခ) မိုဟာမက်အလီမှာ နှင်းဆီကုန်းလမ်းရှိ အဆင့်မြင့် အိမ်ရာ ပထမထပ် တိုက်ခန်းတစ်ခန်းတွင် နေထိုင်သူဖြစ်ပြီး အခင်းဖြစ်ညက တိုက်ရှေ့လမ်းမပေါ်တွင် ရှိနေသော ၎င်း၏ အဘိုးဖြစ်သူ အသက် ၆၈ နှစ် ဦးလှမြင့် (ခ) စအစ်ကို ဓားဖြင့်ထိုးသတ်ခဲ့သည်။

“ပြစ်မှုကျူးလွန်သူက စိတ်ကျန်းမာရေးဆေးရုံ တက်ဖူးတယ်။ မိသားစုဝင်တွေရဲ့ ပြောစကားအရဆို ဓားနဲ့ ထိုးသတ်ခံရသူက သူ့မြေးကို အရက်သေစာ မသောက်စားဖို့ အမြဲဆူပူ ရိုက်နှက်ဆုံးမလေ့ရှိတယ်။ ဒါကို မကျေနပ်လို့ ဓားနဲ့ ထိုးသတ်လိုက်တာလို့ သိရတယ်”ဟု ရဲအရာရှိက ပြောသည်။

အဘိုးအရင်းဖြစ်သူကို ဓားဖြင့်ထိုးသတ်ခဲ့သောမြေးမှာ စိတ်ကျန်းမာရေးဆေးရုံသို့ ၅ ကြိမ် တက်ရောက်ကုသခဲ့ပြီး ၎င်းကိုဖမ်းဆီး၍ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏနယ်မြေ ရဲစခန်းက လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားသည်။

S-03