News

POST TYPE

CRIME & ACCIDENT

ရန်ကုန်သို့သယ်မည့် စိတ်ကြွဆေးပြားငါးသိန်းကျော် လားရှိုးတွင် ဖမ်းမိ
17-Aug-2018



လားရှိုး၊ ဩဂုတ် ၁၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှ ရန်ကုန်မြို့သို့ပို့ဆောင်ရန် စိတ်ကြွရူးသွပ်ဆေးပြား ငါးသိန်းကျော် သယ်ဆောင်လာသူ သုံးဦးကို ဩဂုတ်လ ၁၅ ရက်နေ့ ညနေပိုင်းက လားရှိုးမြို့ရှိ နားမခေါ်ကား ဝင်းအတွင်းရှိ ခရီးသည်တင်ကားဂိတ်တစ်ခုတွင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။ 

လားရှိုးမြို့မှ ရန်ကုန်မြို့သို့ ရာဇာထွန်းခရီးသည်တင်ယာဉ်ဖြင့် လိုက်ပါမည့်သူများ သယ်ဆောင်လာသည့်ပစ္စည်းများကို မသင်္ကာဖွယ်တွေ့ရကြောင်း သက်ဆိုင်ရာ ယာဉ်လိုင်းဂိတ်၏ အကြောင်းကြားချက်အရ သွားရောက်စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း လားရှိုးမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ 

အဆိုပါ အမျိုးသားသုံးဦးသယ်ဆောင်လာသည့် ခရီးဆောင်အိတ်အတွင်းမှ မိုင်းကိုင်စက္ကူနှင့် ထုပ်ပိုးထားသော WY စိတ်ကြွရူးသွပ်ဆေးပြား ငါးသိန်းကျော်ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

ယင်းသို့ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ လားရှိုးမြို့မရဲစခန်းတွင် အသက် ၂၆ နှစ် အရွယ် ကျအိ၊ အသက် ၂၀ အရွယ် ဂျီမေနှင့် အသက် ၁၆ နှစ်အရွယ် ကျာဖေတို့ကို လားရှိုးမြို့မရဲစခန်းတွင် မယ (ပ) ၁၆၃/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ (က)၊၂၁ ဖြင့် အမှုဖွင့်ဖမ်းဆီးထားကြောင်း အဆိုပါစခန်းထံမှသိရသည်။ 

R-07