News

POST TYPE

CRIME & ACCIDENT

မြောက်ဥက္ကလာပတွင် အမျိုးသားတစ်ဦး အုတ်နံရံကို ဦးခေါင်းဖြင့်ဆောင့်ကာ အဆုံးစီရင်
ရန်ကုန်၊ ဩဂုတ် ၁၆ 

မြောက်ဥက္ကလာပမြို့နယ်၊ (စ) ရပ်ကွက်၊ ဝဇီရာ (၄) လမ်းရှိ တိုက်ခန်းတစ်ခုတွင် ဩဂုတ်လ ၁၅ ရက် နံနက် ၁ နာရီခွဲခန့်က အသက် ၄၃ နှစ်အရွယ် အမျိုးသားတစ်ဦး အုတ်နံရံကို ဦးခေါင်းဖြင့်ဆောင့်ကာ အဆုံးစီရင်သွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှသိရသည်။

ဦးခေါင်းဖြင့် တိုက်နံရံနှင့် ဆောင့်ခြင်း၊ ဦးခေါင်းဖြင့် ကြမ်းပြင်နှင့် ဆောင့်ခြင်းများကြောင့် အသက် ၄၃ နှစ်အရွယ် ဦးဝင်းရွှေမှာ ဘယ်မျက်ခုံး ဖူးရောင်၊ ဦးခေါင်း နောက်စေ့ပေါက်ပြဲ၊ ဘယ်/ညာလက်ခုံတို့တွင် ရောင်ရမ်းပွန်းပဲ့ ဒဏ်ရာများရရှိကာ မြောက်ဥက္ကလာပ ဆေးရုံကြီးသို့ တင်ပို့ကုသနေစဉ် နံနက် ၂ နာရီခွဲခန့်၌ သေဆုံးသွားခြင်းဖြစ်ကြောင်း၊ ယင်းသေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် သိရှိနိုင်ရန် ယင်းဆေးရုံကြီးမှ  PR- 21 ဖြင့် လက်ခံစစ်ဆေးနေပြီး မြောက်ဥက္ကလာပမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၂၅/၁၈ ဖြင့် အမှုဖွင့်ကာ စစ်ဆေးနေကြောင်း ယင်းရဲတပ်ဖွဲ့ထံမှသိရသည်။

“သူက ဆိုက်ကားသမားပါ။ စိတ်ဖောက်ပြန်ပြီး သူ့ကိုသူ နံရံနဲ့ခေါင်းနဲ့ ဆောင့်တာ၊ မိသားစုတွေက မနိုင်တော့လို့ ၁၉၉ ကို ဖုန်းလှမ်းဆက်အကူအညီတောင်းနဲ့ လှည့်ကင်းမီးတန်းကားအဖွဲ့က သွားထိန်းသိမ်းပေးခဲ့ရတာ။ အတင်းရုန်းကန်နေလို့ ရဲတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တွေက ဝိုင်းဖမ်းချုပ်၊ အိမ်ပေါ်ကချ၊ ရွာသာကြီး ပို့ဖို့လုပ်နေတုန်း သတိလစ်သွားတာနဲ့ မြို့နယ်ဆေးရုံကို ပို့လိုက်တာ။ ဆေးရုံရောက်ပြီး မကြာခင်မှာ သေသွားတယ်”ဟု ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၇ ခုနှစ်တွင် သေမှုသေခင်းပေါင်း တစ်ထောင့် သုံးရာကျော်ရှိခဲ့ရာ မိမိကိုယ်ကိုယ် အဆုံးစီရင်မှုအနေနှင့် ကြိုးဆွဲချသေဆုံးမှု ၁၇၆ မှု၊ အဆိပ်သောက်သေဆုံးမှု ၃၄ မှု၊ မိမိကိုယ်ကိုယ် ဓားနှင့်ထိုး အဆုံးစီရင်မှု ၃ မှု ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ သေမှုသေခင်းပေါင်း ရှစ်ရာကျော်ရှိခဲ့ရာ မိမိကိုယ်မိမိ အဆုံးစီရင်မှုများအနေနှင့် ကြိုးဆွဲချ အဆုံးစီရင်မှု ၁၂၅ မှု၊ အဆိပ်သောက်သေဆုံးမှု ၂၁ မှု၊ မိမိကိုယ်ကိုယ် ဓားဖြင့်ထိုး အဆုံးစီရင်မှု ၄ မှုရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်စာရင်းများအရ သိရသည်။ 

J-16