News

POST TYPE

CRIME & ACCIDENT

စမ်းချောင်းမြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချသည့်အဖွဲ့ကို ဖမ်းမိ
16-Aug-2018

ရန်ကုန်၊ ဩဂုတ် ၁၅

စမ်းချောင်းမြို့နယ်အတွင်းတွင် ဩဂုတ်လ ၁၅ ရက် နံနက်ပိုင်းက မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချသည့်အဖွဲ့မှ အမျိုးသား ၇ ဦးကို မူးယစ်ဆေးဝါးများ၊ ဆက်စပ်ပစ္စည်များနှင့်အတူ ဖမ်းဆီးအရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။ 

စမ်းချောင်းမြို့နယ်၊ စမ်းချောင်းမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးဘေးရှိလမ်းမပေါ်တွင် ဩဂုတ်လ ၁၄ ရက် ည ၁၂ နာရီ မိနစ် ၂၀ ခန့်က မူးယစ်ဆေးဝါးများဖြန့်ဖြူးရောင်းချနေကြောင်း သတင်းအရ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးစစ်ဆေးရာ ဘိန်းဖြူဟုယူဆရသော အဖြူရောင်အမှုန့်များ၊ ဆေးခြောက်ဟု ယူဆရသော ညို/ဝါရောင် အရွက်မှုန့်များနှင့် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြားများကို တွေ့ရှိစစ်ဆေးရာက ဖြန့်ဖြူးရောင်းချနေသူ အခြားအမျိုးသား ၆ ဦးကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။ 

“သတင်းရလို့ ဖမ်းပြီးစစ်ဆေးလိုက်တာ။ စစ်ဆေးတော့ ဘယ်မူးယစ်ဆေးဝါးက ဘယ်သူဆီက ဝယ်လာတာ၊ ဘယ်ဆေးဝါးကတော့ ဘယ်သူ့ဆီက ဝယ်လာတာဆိုပြီး သိရလို့ အဲဒီကွင်းဆက်ကို လိုက်ဖမ်းဆီးရာက ဒီလောက်အများကြီးမိခဲ့တာ။ ဆေးခြောက်တွေဆို အထုပ်လိုက်ကြီး၊ ဆေးပြားတွေက နှစ်ထောင်ကျော်ရှိတယ်၊ ဘိန်းဆီဆိုရင် ဘလောက်တုံးပါမိတာ၊ အခုဖမ်းမိမှုက စမ်းချောင်းထဲမှာ အများဆုံးပဲ”ဟု ရဲအရာရှိ တစ်ဦးက ရှင်းပြသည်။ 

ကွင်းဆက်အရ ထပ်မံဖမ်းဆီးရရှိမှုများမှာ မုန့်လက်ဆောင်းကုန်း (မြောက်) ရပ်ကွက်၊ ရတနာသိင်္ဃလမ်းရှိ ၆ လွှာ တိုက်ခန်းတစ်ခုအတွင်းမှ အသက် ၃၃ နှစ် နှင့် ၃၆ နှစ်အရွယ်ရှိ အမျိုးသားနှစ်ဦးနှင့်အတူ ဘိန်းဖြူဟုယူဆရသော ၁၇၀ ဂရမ် ခန့်ရှိ ဖြူ/ရောင် ဘလောက်တုံးတစ်တုံးနှင့် ပင်နီဆီလင်ပုလင်းနှင့်ထည့်လျက် ဘိန်းဖြူမှုန့်များအပြင် သုံးစွဲရာတွင် အသုံးပြုသော ဆက်ပစ္စည်းများ၊ စမ်းချောင်း (တောင်) ရပ်ကွက်၊ မင်းလမ်းရှိ ၃ လွှာ တိုက်ခန်း တစ်ခုအတွင်းမှ အသက် ၃၀ အရွယ် အမျိုးသားလေးဦးနှင့်အတူ ဆေးခြောက်ဟုယူဆရသော ညို/ဝါရောင် အရွက်ခြောက် ၈၀၀ ဂရမ်ခန့်ပါ အထုပ် တစ်ထုပ်၊ ၄၀၀ ဂရမ်ခန့် ပါ အထုပ် တစ်ထုပ်၊ ၃ ဂရမ်ခန့်ပါ အထုပ် ၇၃ ထုပ်နှင့် WY စာတန်းပါ နီညိုရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂၃၀၀ ကျော်ကို လည်းကောင်း၊ ကျွန်းတော (တောင်) ရပ်ကွက်၊ ဗဟိုလမ်းပေါ်ရှိ ၇ လွှာတိုက်ခန်း တစ်ခုအတွင်းမှ အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့်အတူ ဆေးခြောက်များကိုလည်းကောင်း ထပ်မံဖမ်းမိခဲ့ခြင်းဖြစ်သည်။

J-16