News

POST TYPE

CRIME & ACCIDENT

ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ရိုက်နှက်ခံရသော ကိုစည်သူစိုးနှင့်တွေ့ဆုံခြင်း
14-Aug-2018 tagged as ရဲ ရန်ကုန်

“ဟေ့ကောင်မင်း ဘယ်သူ့ကို ဖုန်းခေါ်တာလဲ၊ မင်းဘာကောင်လဲ၊ ဘာညာပြောပြီး နားထင်ရော၊ ဖုန်းကိုင်ထားတဲ့လက်ရော သေနတ်ဒင်နဲ့ ရိုက်ချလိုက်တာ”



ပန်းဘဲတန်းမြို့နယ်၊ မဟာဗန္ဓုလလမ်းနှင့် ကုန်ဈေးတန်းလမ်းထောင့်ရှိ ထမင်းကြော်ဆိုင်တွင် ဩဂုတ် လ ၁၁ ရက် နံနက် ၂ နာရီခွဲခန့်က ထမင်းကြော်လာရောက်စားသုံးသည့် ကိုစည်သူစိုး ဇနီးမောင်နှံနှင့် အငှားယာဉ်မောင်း အမျိုးသားတစ်ဦးနှင့် စကားများရန်ဖြစ်ခဲ့ရာ ကိုစည်သူစိုးကို ရဲတပ်ဖွဲ့က ထိန်းသိမ်းပြီး ရဲစခန်းသို့ ခေါ်ဆောင်လာစဉ် ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ရိုက်နှက်မှုကြောင့် ကိုစည်သူစိုး၏ နောက်စေ့မှာ ပေါက်ပြဲသွေးထွက်ဒဏ်ရာ ရရှိခဲ့သည်။ ထိန်းသိမ်းလာသော အရပ်သားတစ်ဦးကို ရဲတပ်ဖွဲ့ဝင်တစ်ဦးက ကိုယ်ထိလက်ရောက်ပြုမူခဲ့မှု အခြေအနေနှင့် ပတ်သက်ပြီး ကိုစည်သူစိုးနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များမှ ဖော်ပြအပ်ပါသည်။

Voice : ဘယ်ကနေ ဘယ်လို စဖြစ်ကြတယ်ဆိုတာ ပြောပြပေးပါဦး။
KSTS : ည ၂ နာရီခွဲလောက် ထမင်းကြော်ဆိုင်မှာ ထိုင်ပြီးစားနေတုန်း တက္ကစီသမားတစ်ယောက်က လာပြီးတော့ ကျွန်တော့် အမျိုးသမီးကို ကာယိနြေ္ဒပျက်ပြားလောက်တဲ့အထိ “ဟဲ့ ဘာလို့မှိုင်နေတာလဲ၊ ဈေးဦးမပေါက်သေးဘူးလား၊ လူမရလို့လား” လို့ ပြောလိုက်တော့ ကျွန်တော့်အမျိုးသမီးက ဒေါသထွက်ပြီး ရေနွေးကြမ်းပန်းကန်လုံးနဲ့ ကောက်ပေါက်တာ၊ ပန်းကန်နှစ်လုံးနဲ့၊ အဲလိုပေါက်တော့ တက္ကစီသမားကလည်း လူမှားလို့ပါ၊ သူမှားပါတယ်ဆိုတာ တောင်းပန်တယ်။ အဲဒီအချိန်မှာ ဘေးဝိုင်းမှာရှိနေတဲ့ ရဲနှစ်ယောက်က ထလာပြီးတော့ တက္ကစီသမားကို သွားလိုက်တော့၊ သွားလိုက်တော့ဆိုပြီး ထွက်သွားခိုင်းတော့ ငါးကိုက်လောက်အကွာကို တက္ကစီသမား ကားမောင်းထွက်သွားတယ်။ ထမင်းကြော်ကလည်း စားလက်စဆိုတော့ အဲဒီမှာ သွားရပ်ပြီး ထပ်စားနေတာ၊ ကျွန်တော့် အမျိုးသမီးကလည်း ဒေါသပေါက်ကွဲနေတာဆိုတော့ အဲဒီနေရာအထိသွားပြီး ရေနွေးကြမ်းပန်းကန်နဲ့ ထပ်သွားပေါက်တာ။ ပေါက်တဲ့အချိန်မှာလည်း တက္ကစီသမားက အမျိုးမျိုးတောင်းပန်တယ်။ “မဟုတ်ပါဘူး၊ တကယ် လူမှားသွားလို့ပါ၊ အစ်မကိုရော အစ်မရဲ့ အမျိုးသားကိုရော တကယ်တောင်းပန်တယ်လို့ အကြိမ်ကြိမ်ပြောတဲ့အခါကျတော့ ကိုယ်လည်း လုပ်သင့်တာလုပ်ပြီးပြီ၊ အကြိမ်ကြိမ်လည်း တောင်းပန်နေတဲ့အတွက် ခွင့်လွှတ်လိုက်တော့ဆိုပြီး အမျိုးသမီးကို ဖျောင်းဖျပြန်ခေါ်လာတာ။

Voice : အဲဒီမှာ ပြီးသွားရဲ့နဲ့ ရဲနဲ့ ဘယ်လိုထပ်ဖြစ်လဲ။
KSTS : ဆိုင်က စားပွဲထိုးလေးကို ကွဲသွားတဲ့ပန်းကန်ဖိုးရှင်းပေးနေတုန်း ဘေးစားပွဲဝိုင်းမှာ ထမင်းကြော်ထိုင်စားနေတဲ့ ရဲနှစ်ယောက်က ထလာပြီး “ဟေ့ကောင် မင်းက ဘာကောင်လဲ၊ ဘယ်ကကောင်လဲ၊ နေရပ်လိပ်စာပြောဆိုပြီး မေးတာ။ အဲလိုမေးတဲ့အတွက် ကျွန်တော်လည်း “ဪ ဟုတ်ကဲ့ ၂၂ လမ်းမှာ နေပါတယ်၊ ဘာဖြစ်လို့မေးတာလဲ” ဆိုပြီး ပြန်မေးတော့ သူတို့က “မှုခင်းတစ်ခုခုဆိုရင် ငါတို့က တာဝန်ရှိတယ်။ မင်းရဲ့ နေရပ်လိပ်စာ သိထားဖို့လိုတယ်” လို့ ပြောတဲ့အတွက် ကျွန်တော်လည်း အမျိုးသမီးနဲ့ တက္ကစီသမားတို့ဖြစ်ကြတာ၊ ကျွန်တော်က ကြားကနေ ဝင်ဖျန်ဖြေပေးနေတာ။ စကားများကြတဲ့ နှစ်ယောက်စလုံးကို မေးပါ၊ ကျွန်တော့်အမျိုးသမီးကို ဖုန်းခေါ်ပေးမယ်ပြောတော့ “ဟေ့ကောင် ဘာမှ စကားရှည်မနေနဲ့ လာလိုက်ခဲ့” ဆိုပြီး ပတ်တရောင်လှည့်နေတဲ့ ရဲတွေဆီ ခေါ်သွားတာ၊ ရဲစခန်းနဲ့ သိပ်ဝေးတာ မဟုတ်ဘူး၊ ကုန်ဈေးတန်းလမ်းထိပ်မှာ။

Voice : အဲလိုခေါ်သွားတော့ ဘယ်လိုဆက်ဖြစ်လဲ။
KSTS : အဲဒီနေရာရောက်သွားတော့ ရဲက ၁၅ ယောက်လောက်ရှိတယ်။ အဲဒီ ၁၅ ယောက်က ဝိုင်းထားလိုက်တာ။ ဘာဖြစ်လို့ စခန်းခေါ်ဖို့ လုပ်တာလဲ၊ ကျွန်တော့်မှာ ဘာမှ အပြစ်မရှိဘူး၊ ကျွန်တော့် အမျိုးသမီးနဲ့ တက္ကစီသမားတို့ဖြစ်တာကို ဖျန်ဖြေပေးနေတာလို့ ပြန်ရှင်းပြနေတဲ့အချိန်မှာ ရဲတစ်ယောက်က “ဟေ့ကောင် ဘာမှပြောပြမနေနဲ့ အခုနက ပြဿနာဖြစ်တာ မင်းမဟုတ်ဘူးလား စခန်းသာလိုက်သွား” လို့ ပြောတယ်။ အဲဒါနဲ့ ဖြစ်စဉ်ကို ပြန်ရှင်းပြတယ်။ လက်မခံဘူး။ 

Voice : အဲဒီအချိန်မှာ အမျိုးသမီးကရော ရှိသေးလား။
KSTS : အဲဒီအချိန်မှာ သူက မရှိတော့ဘူး၊ သူက စော်ကားခံထားရတဲ့အတွက် စိတ်ဆိုးပြီး ထွက်သွားတာ။ ဒီမှာ ဖြစ်နေတာကို မသိဘူး၊ ရဲတွေကိုလည်း ကျွန်တော်မပါဘူး၊ ပြဿနာဖြစ်တာကို ရှင်းပေးရမယ်ဆိုရင်လည်း ရှင်းပေးမယ်။ ဖြစ်တဲ့နှစ်ယောက်ကို အရင်ခေါ်ပါ။ ကျွန်တော့်အမျိုးသမီးကို ဖုန်းဆက်ပေးမယ်ဆိုပြီး ဆက်တာ။ “ရဲတွေတော့ ခေါ်နေပြီ ပြန်လာခဲ့ဦးဆိုတော့ ဘာကိစ္စနဲ့လာရမှာတုံး၊ ငါဘာလုပ်လို့ လာရမှာတုံး ပြန်နှင့်ပြီလို့ပြောပြီး ဖုန်းချသွားတာ”

Voice : အဲဒီအချိန်မှာ ပန်းဘဲတန်းစခန်းမှူးရော ရှိလား။
KSTS : ဖြစ်တဲ့အချိန်က မရှိဘူး၊ အခု အမျိုးသမီးကို ဖုန်းဆက်နေချိန်ကျမှ ရောက်လာတာ၊ ကျွန်တော့် အမျိုးသမီးကတော့ ပြန်မလာဘူး၊ အဲဒါနဲ့ စခန်းမှူးကို ကျွန်တော်စခန်းလိုက်ခဲ့ရမှာလား၊ အပြစ်မရှိဘူး၊ ဒီထဲမှာ ရှုပ်ထားတာလည်း မရှိဘူး၊ မိုက်ရိုင်းစော်ကားနေတာလည်း မရှိဘူး၊ မူးယစ်ရမ်းကားနေတာလည်း မဟုတ်ဘူးလို့ ပြောတော့ “ဟေ့ကောင် မင်း ဘာမှလာမပြောနဲ့ စခန်းသာလိုက်သွား” အဲဒီလိုပြောတယ်။ 

Voice : ရိုက်တဲ့အချိန်တုန်းက ရဲက ဘာပြောပြီး ရိုက်တာလဲ။
KSTS : ကျွန်တော့်အမျိုးသမီးကို ဖုန်းခေါ်ဖို့လုပ်တာ၊ အဲဒီချိန်မှာ ရဲကနေ “ဟေ့ကောင် မင်း ဘယ်သူ့ကို ဖုန်းခေါ်တာလဲ၊ မင်းဘာကောင်လဲ၊ ဘာညာပြောပြီး နားထင်ရော၊ ဖုန်းကိုင်ထားတဲ့ လက်ရော သေနတ်ဒင်နဲ့ ရိုက်ချလိုက်တာ။ အဲလိုရိုက်ခံရပြီး ခေါင်းမူးသွားတယ်။ လက်ထဲက ဖုန်း၊ ပိုက်ဆံအိတ်၊ စာရွက်စာတမ်းတွေ အကုန်လွင့်ကျသွားတာ။ အဲဒီချိန်မှာ နောက်စေ့ကို သေနတ်ပြောင်းဝနဲ့ ထပ်ဆောင့်ချလိုက်တာ။

Voice : အဲလိုရိုက်လိုက်တဲ့ ရဲရော ဘယ်သူဆိုတာ သိလိုက်လား။
KSTS : ရဲစခန်းထဲရောက်တော့ တာဝန်ကျရဲကို ရိုက်တဲ့ရဲက ဘယ်သူလဲ၊ ရာထူးနာမည်သိချင်တယ်မေးတာ၊ အဲဒီရဲကလည်း ခေါင်းတွင်တွင်ခါပြီး ဖုံးကွယ်ထားတယ်၊ စခန်းမှူးကို မေးတာ၊ မဖြေဘူး၊ ခေါင်းတွင်တွင်ခါပြီးတော့၊ မဟုတ်ဘူး၊ ဒါဘာပြုလုပ်လို့လဲ၊ ဘာညာနဲ့ အတင်းငြင်းတယ်။ လေးငါးခြောက်ခွန်းမေးတော့မှ အချုပ်ခန်းထဲထည့်ထားတယ်ဆိုတဲ့ စကားတစ်ခွန်နဲ့ ရှောင်ဖယ်နေတာ။ တစ်စခန်းလုံးနီးပါးက သူ့ရဲ့နာမည်နဲ့ ရာထူးကို မေးတာ မဖြေဘူး ဖုံးကွယ်ထားချင်ကြတာ။

Voice : တက္ကစီသမားနဲ့ ကိုစည်သူစိုး အမျိုးသမီးတို့ စကားများကြကတည်းက ရဲတွေရှိနေတာပေါ့။
KSTS : စဖြစ်ကတည်းက ကျွန်တော်တို့ဝိုင်းနဲ့ ကပ်လျက်ဝိုင်းမှာ ရဲနှစ်ယောက်ထိုင်နေတာ၊ နောက်ပိုင်းကျမှ သိရတာက အဲဒီရဲတွေက ပန်းဘဲတန်းရဲစခန်းက မဟုတ်ဘူးတဲ့၊ တခြားမြို့နယ်ကနေ ဒီမှာ ထမင်းလာစားတာလို့ သိရတယ်။ ဒါပေမဲ့ သူတို့ကပဲ ကျွန်တော့်ကို ဖမ်းပြီး ပန်းဘဲတန်းမြို့နယ်ရဲလက်ထဲကို အပ်ခဲ့တာ။ အဲလို အပ်ပြီးတော့ သူတို့လည်း ပျောက်သွားတယ်။

Voice : ရဲစခန်းရောက်တော့ ဘာတွေဆက်ဖြစ်သေးလဲ။
KSTS : ရဲစခန်းရောက်တော့ တာဝန်ကျတဲ့ ဒုရဲအုပ်က ဘယ်လိုလုပ်လို့ရမလဲဆိုတာ ရှင်းပြတယ်။ ရဲစည်းကမ်း ဥပဒေအရ အရေးယူမှာလား၊ ဒါမှမဟုတ်ရင် အမှုဖွင့်ချင်လား နှစ်မျိုးရှိတယ်၊ လုပ်ချင်သလိုလုပ်ပါလို့ ပြောတယ်။ ရဲစည်းကမ်း ဥပဒေအရ အရေးယူမှာတော့ ယုံကြည်မှုမရှိခဲ့ဘူး၊ အဲဒါကြောင့် အမှုဖွင့်မယ်လို့ ပြောလိုက်တယ်။

Voice : ဒဏ်ရာအခြေအနေကရော ဆေးရုံကြီးက ဘယ်လိုပြောလိုက်လဲ။
KSTS : ဒဏ်ရာက နှစ်ချက်ချုပ်ရတယ်။ လိုအပ်တဲ့ ဓာတ်မှန်တွေရိုက်တယ်။ ဒဏ်ရာကို ချုပ်သင့်တာချုပ်တယ်။ ပတ်တီးတွေစည်းပြီးတော့ ဦးနှောက်နဲ့ အာရုံကြောကိုသွားတယ်။ ဆရာဝန်က တစ်ပတ်ဆယ်ရက်လောက် စောင့်ကြည့်ဖို့ ပြောလိုက်တယ်။ တစ်ပတ်ဆယ်ရက်စောင့်ကြည့်ပြီး ထူးခြားရင် ပြန်လာပြဖို့ ပြောလိုက်တယ်။

ဇော်မိုးလွင်