News

POST TYPE

CRIME & ACCIDENT

လှည်းတန်းခုံးတံတားအောက်၌ တောင်းရမ်းစားသောက်သူများ၏နောက်ကွယ်မှစေခိုင်းသူ သုံးဦးကို တရားစွဲ
13-Aug-2018

ရန်ကုန်၊ ဩဂုတ် ၁၃

ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် ပြည်လမ်း လှည်းတန်း၊ ခုံးကျော်တံတားအောက်တွင် အခြေအနေမဲ့ တောင်းရမ်း စားသောက်နေသူများ၏နောက်ကွယ်မှ စေခိုင်းသူအမျိုးသမီး သုံးဦးကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ကမာရွတ်မြို့မ ရဲစခန်းမှ စခန်းမှူးဒုရဲမှူးမိုးနိုင်က ပြောကြားသည်။

“ကလေးသူငယ်တွေကိုစေခိုင်းတဲ့ အမျိုးသမီးသုံးဦးကို ကလေးသူငယ် ဥပဒေပုဒ်မ ၆၆ (ဂ) နဲ့ တရားစွဲဆိုဖို့ ကျွန်တော်တို့ ရဲတပ်ဖွဲ့က ဩဂုတ် ၁၃ ရက်မှာ တရားရုံးကို တင်လိုက်ပါပြီ။ အမျိုးသမီးလူကြီး ၃ ဦးကို ပန်းတွေ ရောင်းခိုင်း၊ ပိုက်ဆံတွေတောင်းခိုင်းလို့ တရားစွဲတာပါ”ဟု ၎င်းကဆိုသည်။

အဆိုပါ လှည်းတန်းခုံးကျော်တံတားအောက်မှ အခြေအနေမဲ့ တောင်းရမ်း စားသောက်နေသူများကို ဩဂုတ်လ ၁၁ ရက်တွင်စောင့်ဖမ်းခဲ့ပြီး အသက် ၅ နှစ်အောက်မှ အသက် ၃၀ ကျော်အထိ ကျား ၂၄ ဦး၊ မ ၂၅ ဦး စုစုပေါင်း ၄၉ ဦးတို့ကို ထိန်းသိမ်းနိုင်ခဲ့ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းကပြောကြားသည်။

“၄၆ ဦးကိုတော့ လူမှုဝန်ထမ်းဦးစီးဌာနကို လွှဲပြောင်းပြီးပြီ။ သုံးယောက်ကိုတော့ တရားစွဲဖို့ ပြင်ဆင်နေတယ်။ အရင်က စည်ပင်ရဲတွေက သွားဖမ်းရင် ထွက်ပြေးကြတယ်။ အခုက သက်ဆိုင်ရာရော လူမှုရေးအဖွဲ့တွေပါ ပူးပေါင်းပြီး အရပ်ဝတ်နဲ့ဖမ်းခဲ့တယ်”ဟု ၎င်းကဆိုသည်။

ထို့ပြင် ထိန်းသိမ်းခဲ့သည့် အခြေအနေမဲ့ လုပ်ကိုင်စားသောက်နေသူ ၄၉ ဦးအနက် ၄၆ ဦးကို ဩဂုတ်လ ၁၂ ရက်တွင် စည်ပင်သာယာရဲတပ်ဖွဲ့မှတစ်ဆင့် လူမှုဝန်ထမ်းဦးစီးဌာနသို့ ဥပဒေနှင့်အညီ ဆက်လက်လွှဲပြောင်းပေးခဲ့ပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောကြားသည်။

ဩဂုတ်လ ၁၁ ရက်၊ နံနက် ၁၀ နာရီခွဲမှ ည ၁၀ နာရီခွဲအထိ လှည်းတန်း ခုံးကျော်တံတားအောက်တွင် အခြေအနေမဲ့ လုပ်ကိုင်စားသောက်နေသူများကို ကမာရွတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်နှင့်လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

J-10