News

POST TYPE

CRIME & ACCIDENT

ဒဂုံဆိပ်ကမ်း ၈၇ ရပ်ကွက်လမ်းမပေါ်တွင် အမျိုးသမီးတစ်ဦး အသတ်ခံရ
13-Aug-2018
ရန်ကုန်၊ ဩဂုတ် ၁၂

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ အမှတ် (၈၇) ရပ်ကွက်၊ သစ္စာလမ်းပေါ်တွင် ဩဂုတ်လ ၁၀ ရက် ည ၈ နာရီခန့်က အသက် ၃၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အမျိုးသားသုံးဦးက လွန်ခဲ့သော တစ်လခန့်က စကားများရန်ဖြစ်သည်ကို မကျေနပ်သဖြင့် ဓားနှင့်ထိုးသတ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။ 

အမှတ် (၁၆၈) ရပ်ကွက်တွင် နေထိုင်သည်ဟုဆိုသော ကိုဝဏ္ဏ၊ ကိုဝင်းထက်အောင်နှင့် ကိုကရင်တို့သည် သစ္စာလမ်းမပေါ်တွင် တွေ့ဆုံသော အသက် ၃၆ နှစ်အရွယ် မသန်းသန်းရီကို လွန်ခဲ့သော တစ်လခန့်က စကားများရန်ဖြစ်ခဲ့သည်ကို မကျေနပ်၍ ကိုဝင်းထက်အောင်နှင့် ကိုကရင်တို့က မသန်းသန်းရီကို ချုပ်ကိုင်ပေးကာ ကိုဝဏ္ဏက ဓားနှင့်ထိုးခဲ့သဖြင့် မသန်းသန်းရီတွင် ဘယ်ရင်အုံထိုးသွင်း ဒဏ်ရာတစ်ချက်ရရှိပြီး သင်္ဃန်းကျွန်း (စံပြ) ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် သေဆုံးသွားခြင်းဖြစ်ကြောင်း အဖွင့်တိုင်တန်းချက်အရ ယင်းရဲတပ်ဖွဲ့ထံမှသိရသည်။

“ဘာကိစ္စဖြစ်ကြတယ်ဆိုတာ အတိအကျတော့ မသိရသေးဘူး၊ ပြစ်မှုကျူးလွန်တယ်ဆိုတဲ့ သုံးယောက်ကလည်း ဖမ်းမမိသေးတော့၊ လူနာက နောက်တစ်နေ့ မနက်ပိုင်းလောက်မှာ ဆုံးသွားတာ၊ အဲဒါကြောင့် အပြင်းအထန် နာကျင်စေမှုပုဒ်မကနေ လူသတ်မှုပုဒ်မ ပြောင်းဖွင့်ပြီးတော့ စခန်းမှူးကိုယ်တိုင် စစ်ဆေးနေတယ်”ဟု ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။ 

လူသတ်မှုကျူးလွန်သည်ဟုဆိုသော အမျိုးသားသုံးဦးကို ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၂၆/၁၁၄ မှ ၃၀၂/၁၁၄ သို့ ပြောင်းလဲ အမှုဖွင့်ဆောင်ရွက်ထားပြီး ဖမ်းဆီးတရားစွဲဆိုနိုင်ရန် စုံစမ်းရှာဖွေလျက်ရှိသည်။

J-16



  • VIA