POST TYPE
CRIME & ACCIDENT
လူသတ်မှု ကျူးလွန်သည့် ကျောင်းအုပ်ဆရာမကြီးနှင့် မွေးစားသမီးကို ထောင် နှစ် ၃၀ စီချ
10-Aug-2018
ရန်ကုန်၊ ဩဂုတ် ၉
သင်္ဃန်းကျွန်းမြို့နယ်၊ စံပြရပ်ကွက်တွင် အကြွေးပြန်မဆပ်သည့် အိမ်ရှင်အမျိုးသမီးကို ဓားမဖြင့် ခုတ်သတ်၍ သေဆုံးသူ ဝတ်ဆင်ထားသည့် ရွှေများယူဆောင်ခဲ့ကြောင်း ကျူးလွန်ပေါ်ပေါက်မှုဖြင့် ဩဂုတ် လ ၉ ရက်နေ့က ကျောင်းအုပ်ဆရာမကြီးနှင့် ၎င်း၏ မွေးစားသမီးကို လူသတ်လုယက်မှု ပုဒ်မများဖြင့် ထောင်ဒဏ် နှစ် ၃၀ စီ ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း အရှေ့ပိုင်းခရိုင် တရားရုံးထံမှသိရသည်။
အဆိုပါအမှုမှာ ၂၀၁၆ ခုနှစ် ဇွန်လက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သင်္ဃန်းကျွန်းမြို့နယ်၊ စံပြရပ်ကွက်၊ ၅ လမ်းရှိ ပထမထပ် တိုက်ခန်းတစ်ခန်းတွင်နေထိုင်သူ အသက် ၅၃ နှစ် ဒေါ်ခင်မြဝင်း အသတ်ခံရခြင်းဖြစ်သည်။
ချေးယူထားသည့် ကျပ်သိန်း ၃၀ ကို ပြန်မဆပ်သဖြင့် ကြွေးရှင်ဖြစ်သူ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမော် (ခ) အင်ကြင်းခိုင်နှင့် ၎င်း၏ မွေးစားသမီး မကျော့ကေခိုင် (ခ) ချစ်ပုတို့က ရိုက်နှက်ပြီး ယင်းနေအိမ်မီးဖိုချောင်ရှိ ဓားမဖြင့် အိမ်ရှင် ဒေါ်ခင်မြဝင်းကို ခုတ်သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
“အခင်းဖြစ်အိမ်မှာ အသတ်ခံရတဲ့ အိမ်ရှင်အမျိုးသမီး တစ်ယောက်တည်းရှိနေချိန် ပြစ်မှုကျူးလွန်ခဲ့သူနှစ်ဦးက ရောက်လာတယ်။ သူတို့ ရစရာရှိတဲ့ အကြွေးငွေ သိန်းသုံးဆယ်ကို လာတောင်းတာ။ ဟိုက မပေးနိုင်တော့ စကားများ ရန်ဖြစ်ခဲ့ကြရာက လက်လွန်ပြီး လူသတ်မှုအထိ ဖြစ်သွားခဲ့တယ်။ အမေဖြစ်သူက ဓားမနဲ့ခုတ်တယ်။ မွေးစားသမီးက ဒဏ်ရာရသူကို အသက်မရှူနိုင်အောင် မျက်နှာကို ခေါင်းအုံးနဲ့ ဖိခဲ့တယ်။ လမ်းထိပ် လက်ဖက်ရည်ဆိုင်မှာ စောင့်ကျန်နေခဲ့တဲ့ သမက်ဖြစ်သူကိုလည်း စစ်ဆေး ပေါ်ပေါက်ချက်အရ ထောင်သုံးနှစ် ကျခံစေဖို့ အမိန့်ချလိုက်တယ်”ဟု ရဲအရာရှိက ရှင်းပြသည်။
ယင်းလူသတ် လုယက်မှုများ ကျူးလွန်ခဲ့သည့် ဒေါ်အေးအေးမော် (ခ) အင်ကြင်းခိုင်မှာ ၂၀၀၇ ခုနှစ်က အထက (၂) ပုဇွန်တောင်မှ လှည်းကူးမြို့နယ်ရှိ စာသင်ကျောင်းတစ်ကျောင်းသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်တွင် သင်္ဃန်းကျွန်း၊ သုဝဏ္ဏရှိ အမှတ် (၇) မူလွန် ကျောင်းအုပ်ကြီးအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရပြီးနောက် ယင်းပြစ်မှုများကို ကျူးလွန်ခဲ့ခြင်းဖြစ်သည်။
“ပုဇွန်တောင်မှာ ကျောင်းဆရာမအဖြစ် တာဝန်ကျချိန်တုန်းက သူ့တပည့် ဖြစ်ခဲ့သူနဲ့ ပြန်အဆက်အသွယ်ရပြီး တပည့်ဖြစ်သူရဲ့ မိခင် (သေဆုံးသူ) ကို ကျောင်းအုပ် ဆရာမကြီးက ငွေထုတ်ချေးခဲ့တာ။ ချေးထားတဲ့ ငွေတွေပြန်ရဖို့ အကြိမ်ကြိမ် တောင်းပေးမယ့် မရတာကြောင့် လူသတ်ပြီး ရွှေထည်ပစ္စည်းတွေ ချွတ်ယူခဲ့တာလို့ စစ်ဆေးပေါ်ပေါက်ခဲ့တယ်”ဟု ရဲအရာရှိက ပြောသည်။
အဆိုပါ အမှုစစ်ဆေးပေါ်ပေါက်ချက်အရ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမော် (ခ) အင်ကြင်းခိုင်နှင့် ၎င်း၏ မွေးစားသမီး မကျော့ကေခိုင် (ခ) ချစ်ပု တို့ကို လူသတ်မှု ပုဒ်မအရ အလုပ်နှင့် ထောင်ဒဏ် ၂၀ နှစ်စီ၊ လုယက်မှု ပုဒ်မအရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ သီးခြားစီကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး ၎င်း၏ သမက်ဖြစ်သူ ညီညီလင်းကို ခိုးရာပါ ပစ္စည်းကို ဝှက်သိမ်းရာတွင် ကူညီခြင်း ရာဇသတ်ကြီး ပုဒ်မ ၄၁၄ အရ အလုပ်နှင့် ထောင်ဒဏ်သုံးနှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း အရှေ့ပိုင်းခရိုင် တရားရုံးထံမှ သိရသည်။
S-03
- VIA
- Thura Htun
- SOURCES
- The Voice
-
17-Feb-2019
-
17-Feb-2019
-
17-Feb-2019
-
17-Feb-2019
-
17-Feb-2019
-
17-Feb-2019
-
15-Feb-2019