News

POST TYPE

CRIME & ACCIDENT

အိမ်အကူမိန်းကလေးကို ဝါယာကြိုးဖြင့် ရိုက်နှက်သောအိမ်ရှင်ကို အမှုဖွင့်
ရန်ကုန်၊ ဩဂုတ် ၉

ရန်ကုန်မြို့လယ် ၃၆ လမ်းရှိ လေးလွှာတိုက်ခန်းတစ်ခန်းတွင် အိမ်အကူအဖြစ် လာရောက်လုပ်ကိုင်နေသည့် အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးကို ဝါယာကြိုးဖြင့် ရိုက်နှက်ခဲ့သော အိမ်ရှင်အမျိုးသားကို ဩဂုတ်လ ၉ ရက် ညနေပိုင်းက ပုဒ်မနှစ်ခုဖြင့် အမှုဖွင့် အရေးယူထားကြောင်း ကျောက်တံတားမြို့မ ရဲစခန်းထံမှ သိရသည်။ 

အပြင်းအထန် နာကျင်စေမှု ပုဒ်မ ၃၂၅၊ မတရားတားဆီးကာကွယ်မှု ပုဒ်မ ၃၄၁ ဖြင့် အရေးယူခံရသည့် အိမ်ရှင် ဦးကျော်စိုးလင်းက ၎င်း၏နေအိမ်တွင် အိမ်အကူလာရောက် လုပ်ကိုင်နေသည့် ဒလမြို့နယ်မှ မချိုပြုံးကို အိမ်အလုပ်များ ခိုင်းစေရာတွင် အဆင်မပြေဟုဆိုကာ ဩဂုတ်လ ၇ ရက်နေ့က တီဗီနှင့် ဒီဗီဒီစက် ဆက်သွယ်သည့် ဝါယာကြိုးဖြင့် မချိုပြုံးကို ရိုက်နှက်ခဲ့ကြောင်း ကာယကံရှင် မိန်းကလေးထံမှ သိရသည်။

ရိုက်နှက်ခံရသည့် အိမ်အကူ မိန်းကလေးမှာ လစာငွေတစ်လလျှင် ကျပ်သုံးသောင်းခွဲဖြင့် ယင်းနေအိမ်တွင် အိမ်အကူအလုပ်ကို ဝင်ရောက်လုပ်ကိုင်နေပြီး ၎င်း၏မိခင်ဖြစ်သူက နှစ်လစာကြိုတင်ငွေ ထုတ်ယူထားသောကြောင့် အိမ်ရှင်က၎င်းကို ပြန်ခွင့်မပြုခဲ့ကြောင်း၊ ယင်းနောက် အိမ်ရှင်ဖြစ်သူက ဈေးထွက်ဝယ်ခိုင်းချိန် မချိုပြုံးက အသိဖြစ်သူဈေးသည် အမျိုးသမီးတစ်ဦးနှင့် တွေ့ဆုံခဲ့ပြီးနောက် အိမ်ရှင် ရိုက်နှက်ထား၍ ရရှိထားသော ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ ညိုမည်းစွဲဒဏ်များနှင့် ပတ်သက်၍ ရဲစခန်းထံ ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း ကျောက်တံတားမြို့မ ရဲစခန်းထံမှသိရသည်။

“အိမ်ရှင် ဦးကျော်စိုးလင်းက လက်ရှိ မက္ကာကို ရောက်နေတယ်။ သူနဲ့လည်း အဆက်အသွယ် ရထားပြီးပါပြီ။ အခုကိစ္စကို နှစ်ဦးနှစ်ဖက် ပြေလည်အောင် ညှိနှိုင်းသွားမယ်။ ဦးကျော်စိုးလင်းက သွေးတိုးရောဂါရှိတယ်။ အဲဒီနေ့က အိမ်အလုပ်ခိုင်းတာ အဆင်မပြေလို့ ဒေါသအလျောက် ရိုက်နှက်မိတာလို့ သိရတယ်။ ဆုံးမတဲ့သဘောပါ။ ကလေးမအပေါ် ဒေါသအလျောက် ရိုက်မိတဲ့အပေါ်မှာလည်း သူစိတ်မကောင်း ဖြစ်မိတယ်လို့ ပြောတယ်”ဟု ငြိမ်းချမ်းရေး တည်ဆောက်မှု ကွန်ရက်အဖွဲ့မှ ကိုကျော်လင်းဦးက ဆက်ပြောသည်။

ယင်းဖြစ်စဉ်ကြောင့် ခန္ဓာကိုယ်တွင် ညိုမည်းစွဲ ဒဏ်ရာများရခဲ့သည့် အိမ်အကူ မိန်းကလေးကို ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် ဆေးစစ်ချက်ယူလျက်ရှိကြောင်း၊ မချိုပြုံး၏ မိခင်က ယင်းအမှုကို တရားလိုပြု အမှုဖွင့်တိုင်ကြားထားကြောင်း ကျောက်တံတားမြို့မ ရဲစခန်းထံမှသိရသည်။

S-03