News

POST TYPE

CRIME & ACCIDENT

စစ်တွေ ပေါက်ကွဲမှုကြောင့် ဖမ်းဆီးခံရသူနှစ်ဦးကို တရားမဝင်နယ်စပ်ဖြတ်ကျော်မှုဖြင့် ထောင် ၆ လချ
09-Aug-2018

စစ်တွေ၊ ဩဂုတ် ၉

စစ်တွေမြို့တွင် မိုင်းသုံးလုံးပေါက်ကွဲမှုကြောင့် ဖမ်းဆီးခံရပြီး တရားစွဲခံရသူများအနက် ဦးကိုသန်းရွှေနှင့် ဦးမောင်မြင့်ကြည်တို့ကို တရားမဝင် နယ်စပ်ဖြတ်ကျော်မှုပုဒ်မ ၁၃(၁)ဖြင့် ဩဂုတ် ၈ ရက်က စစ်တွေမြို့နယ်တရားရုံး၌ ထောင်ဒဏ် ၆ လ ချမှတ်လိုက်သည်။

ယခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဟောင်း ဦးတင်မောင်ဆွေနေအိမ်၊ ပြည်နယ်တရားလွှတ်တော်ရုံးရှေ့၊ ပြည်နယ် မြေစာရင်းရုံးရှေ့တို့တွင် ဒေသန္တရ လက်လုပ်မိုင်း သုံးလုံးပေါက်ကွဲခဲ့သဖြင့် ၎င်းတို့ ၂ ဦး အပါအဝင် ၉ ဦးကို ဖမ်းဆီးကာ စစ်ဆေးခဲ့သည်။

ထိုသို့ဖမ်းဆီးစစ်ဆေးခဲ့ရာ ပေါက်ကွဲမှုနှင့် တစ်စုံတစ်ရာ ပတ်သက်ဆက်နွှယ်မှုများ ပေါ်ပေါက်ခြင်း မရှိသော်လည်း တရားမဝင် နယ်စပ် ဖြတ်ကျော်ခြင်းဖြင့် ဦးကိုသန်းရွှေနှင့် ဦးမောင်မြင့်ကြည်တို့ကို အမှုဖွင့်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ကိုဖမ်းတုန်းက ပေါက်ကွဲနဲ့ဖမ်းပြီးတော့ နေ့ မအိပ်ရ၊ ည မအိပ်ရနဲ့ စစ်တယ်၊ တစ်ခုခု မပြောလို့ မရဘူးဆိုပြီး၊ အမှုစစ်တုန်းက ကျွန်တော်တို့ကို နယ်စပ်ကိုသွားပါတယ်ဆိုပြီး ပြောခိုင်းတယ်၊ ပြီးတော့ ကျွန်တော်တို့ကို လက်မှတ်ထိုးပေးပါ၊ ပေါက်ကွဲမှုနဲ့ ခင်ဗျားတို့နဲ့ ဘာမှမဆိုင်ဘူး။ လဝကဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် ပြောဆိုပြီးတော့ ပြောခိုင်းတယ်”ဟု ဦးကိုသန်းရွှေက အမိန့်ချက်မှတ်ခံရသောနေ့က ပြောကြားခဲ့သည်။ 

ထို့အပြင် ပေါက်ကွဲမှုဖြင့် ဦးမောင်အေးဝင်းနှင့် ဦးမောင်ဦးမြင့်တို့ကို ဧပြီလ ၂၄ ရက်က စစ်တွေခရိုင်တရားရုံးတွင် အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (က) (ဈ)ဖြင့် တရားစွဲဆိုထားသည်။

ဖမ်းဆီးခံရသူ ၉ ဦးအနက် ဦးနိုင်စိုး (ရခိုင်အမျိုးသားကောင်စီ၏ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်နှင့် လူမှုရေးဌာန တာဝန်ခံ)၊ ဦးရွှေထွန်းအောင်၊ ဦးမောင် မြင့်ရွှေ၊ ဦးတင်မြင့်ရွှေနှင့် ဦးမောင်သိန်းနုတို့ကို မတ်လ ၂၆ ရက်က အာမခံဖြင့် ပြန်လည် လွှတ်ပေးလိုက်သည်။ 

R-22